Facebook က တရုတ်တွင် မိုဘိုင်းဆော့ဝဲလ်တစ်ခုကို လျှို့ဝှက်လွှင့်တင်ခဲ့

Facebook က တရုတ်တွင် မိုဘိုင်းဆော့ဝဲလ်တစ်ခုကို လျှို့ဝှက်လွှင့်တင်ခဲ့
Published 16 August 2017


သြဂုတ် ၁၅ ရက်က ပေကျင်းရှိ ရုံးတစ်ရုံးတွင် Facebook ၏ Colorful Balloons ဆော့ဝဲလ် (ဝဲ) နှင့် Moments ဆော့ဝဲလ်ကို (ယာ) ကိုတွေ့ရစဉ် (Photo: AFP)

Facebook ကိုပိတ်ပင်ထားသော တရုတ်တွင် ဓာတ်ပုံမျှဝေသည့် မိုဘိုင်းဆော့ဝဲလ်တစ်ခုအား လူမှုကွန်ရက်မီဒီယာကြီးက တိတ်တဆိတ် လွှင့်တင်ထားကြောင်း နယူးယောက်တိုင်းမ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ဖော်ပြခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ပိတ်ပင်ခံရပြီးနောက် Facebook သည် တရုတ်၏ အင်တာနက်ဈေးကွက်ကို ထိုးဖောက်ရန် ကြိုးပမ်းနေခဲ့သည်။

Colorful Balloons ဟုအမည်ပေးထားသော မိုဘိုင်းဆော့ဝဲလ်ကို တရုတ်အတွက် သီးသန့်လွှင့်တင်ထားကြောင်း Facebook ကဝန်ခံခဲ့သည်။ Facebook အမှုဆောင်ချုပ် မက်ဇက်ကာဘတ်သည် တရုတ်သို့သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံရေး ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ ထို့ပြင် ဇက်ကာဘတ်သည် မန်ဒရင်းကိုပင် သင်ယူနေသည်။ တရုတ်ရှိ iPhone မိုဘိုင်းဆော့ဝဲလ်များအတွက် အသုံးပြုနိုင်သော ဆော့ဝဲလ်များစာရင်းတွင် Colorful Balloons က အဆင့် ၄၆ ရရှိထားကြောင်း ဆန်ဖရန်စစ္စကိုရှိ App Annie ကပြောကြားခဲ့သည်။

Facebook ၏မိုဘိုင်းဆော့ဝဲလ်ဖြစ်သော Moments နှင့်ပုံစံတူ ယင်းဆော့ဝဲလ်သည် တရုတ်ဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်ရပြီး Facebook နှင့်ချိတ်ဆက်မထားကြောင်း သိရသည်။

Colorful Balloons ကို Youge ဟုအမည်ရသော ကုမ္ပဏီတစ်ခုက မေလတွင် လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း Apple ၏ App Store တွင်ဖော်ပြထားသည်။ ယင်းကုမ္ပဏီသည် မတ်လ၌ ပေကျင်းတွင် မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး မတည်ရင်းနှီး ဒေါ်လာ ၁၅၀၀၀၀ ရှိသည်ဟုဆိုသည်။

Ref: AFP

Most Read

Most Recent