မြို့ကလေးသည် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ကမ္ဘာကြီးထဲက ရွာငယ်လေးတစ်ရွာလည်း ဖြစ်သည်။ တကယ်တော့ သတ်မှတ်ချက်၊ တံဆိပ်တို့သည် မြို့ကလေးကို ဆိုးရွားသော ပုံပြောင်းခြင်းများ သို့မဟုတ် ကောင်းမွန်သော ပုံပြောင်းခြင်းများဆီသို့လည်း မတတ်စွမ်းနိုင်စေခဲ့ပါ။ ဆံပင်များ ပြန်ရှည်လာလိုက်၊ ညှင်းသိုးသိုး ကောင်ကလေး၏ ဦးထုပ်တစ်လုံးလိုဖြစ်လိုက်၊ ကိုရင်ဝတ်သွားသော ကလေးငယ် တစ်ယောက်၏ ခေါင်းတုံးပြောင်ပြောင်လေးလို ဖြစ်လိုက်နှင့် အချိန်ကာလ၏ ရွေ့လျားခြင်းတွင် မြို့ကလေးက ပါဝင်နေခဲ့သည်။ ရာသီသုံးခု၏ နိမိတ်ပုံတို့သည် ရယ်စရာများ ဖြစ်နေပြီလား။ မြို့ကလေး မသိပါ။ သိဖို့လည်း မလိုအပ်လှပေ။ မြို့ကလေး၏ နာမည်ကို ချစ်စရာကောင်းသော ကလေးငယ်တစ်ယောက်၏ အပြုံးဟု မှည့်လိုက်ကြပါစို့။ အပြုံးမြို့ကလေးဟူ၏။ မဖြစ်နိုင်ဘူးလား။ ငြင်းဆိုရန်သော် လည်းကောင်း၊ လက်ခံရန်သော်လည်းကောင်း မည်သို့သော အကြောင်းပြချက်ကိုမဆို တုံ့ပြန်နိုင်ရန် အခြေအနေတစ်ခု လိုအပ်သည်မှာကား သေချာလှသည်။ သို့ဆိုပါက ထိုအခြေအနေတစ်ခုမျှ ရောက်မလာခဲ့လျှင် သင်မည်သို့ ပြောဆိုနိုင်ပါဦးမည်နည်း။ မြို့ကလေးတစ်မြို့ ဖြစ်ပါသည်။ မြစ်ပြင်ကျယ်ကြီးများ အနည်းငယ် တွေ့ရနိုင်ပါသည်။ စိမ်းစိုသော တောင်ကုန်းများ ရှိခဲ့ဖူးသည်။ ချစ်သူတို့၏ အနမ်းများသည် တစ်ခါက ပူနွေးစိုစွတ်နေခဲ့ပါသေးသည်။ ချစ်ခြင်းမေတ္တာ၏ အငွေ့အသက်တို့သည် တစ်ခါက မြို့ကလေးကို လွှမ်းခြုံခဲ့သည်ကို ပြောပြလိုပါသည်။ အဘိုးကြီးတစ်ဦး၏ ပါးစပ်မှ ထွက်လာခဲ့သော ငွေစက္ကူ အချို့အကြောင်းကို ပြန်လည်နားထောင်ရသကဲ့သို့ ဖြစ်နေပြီလား။ နံနက်ခင်းတိုင်းတွင် ငှက်ကလေးတို့၏ တေးသီသံများ ပျံလွင့်နေခဲ့သေးသည်။ ကြီးမားသော သစ်ပင်များမှာ မကြည့်ချင်အဆုံး ပြည့်နှက်နေသော အခြေအနေများ အမှန်တကယ် ရှိခဲ့သည်။
အပြုံးမြို့ကလေး၏ အင်္ကျီ ဘောင်းဘီတို့ကို လေ့လာကြည့်ပါစို့။ ဘိုဆန်သည်ဟု မြင်နေပြီလား။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ရေးခဲ့သည်။ ဘောင်းဘီဝတ်ပြီး နေလာခဲ့ကြသည်မှာ နှစ် ၄၀၀၀ ဆိုလျှင် ပုဆိုးဝတ်လာကြသည်မှာ နှစ် ၆၀၀ မျှသာ။ မြို့ကလေး၏ ပတ်ပတ်လည်တွင် ရွာကြီး၊ ရွာငယ်ကလေးများရှိပြီး ၎င်းတို့ကို လယ်ကွင်းကြီးများက ဝန်းရံထားသည်။ ထိုရွာကြီးရွာငယ်တို့မှာ မြို့ကလေး၏ အင်္ကျီကလေးများဖြစ်ပြီး လယ်ကွင်းကြီးတို့မှာ ပုဆိုးနှင့် ဘောင်းဘီတို့ ဖြစ်ကြပါသည်။ မြို့ကလေးတွင် စေတီပုထိုးများ၊ ဘုရားကျောင်းများ ရှိသကဲ့သို့ အစိုးရမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများလည်း ရှိသည်။ ကိုယ်ပိုင်အထက်တန်းကျောင်းများလည်း အနည်းငယ် ရှိနေပါပြီ။ ယခင်က စည်ကားခဲ့သော စာတိုက်ရုံးကလေးမှာမူ ယခုအခါ နေမကောင်းဖြစ်၍ အိပ်ရာထက်၌ လဲနေသော အသက် ၈၀ အရွယ် အဘိုးကြီး တစ်ယောက်ပမာ ဖြစ်နေပါပြီ။ မြို့သူမြို့သားတို့သည် စာတိုက်ရုံးကလေးကို သူတို့မှတ်ဉာဏ်ထဲမှ ပယ်ဖျက်လိုက်ကြပါပြီ။ သို့သော် စာတိုက်ရုံးကလေးကို သတိရနေသော လူတစ်ယောက် ရှိနေသည်။ ထိုသူမှာ ကဗျာဆရာ ဒီမြဲဖြစ်ပါသည်။ သို့သော် သူသည်လည်း စာတိုက်ရုံးသို့ မသွားဖြစ်တော့ပါ။ အကြောင်းမှာ သူ ပို့နေကျဖြစ်သော စာပေပုံနှိပ် မဂ္ဂဇင်းများမှာ သေဆုံးကွယ်လွန်သွားကြ၍ ဖြစ်သည်။ အနည်းငယ် ကျန်ရှိနေသော မဂ္ဂဇင်း တစ်အုပ်စ နှစ်အုပ်စကိုမူ ကဗျာဆရာ ဒီမြဲသည် ဂျီမေးလ်မှသာ စာမူပို့နေပေပြီ။ မြို့ကလေး၏ ဆံပင်တို့မှာ နွေအခါ၌ ခြောက်သွေ့ ဖုန်ထူထပ်လျက်ရှိပြီး မိုးတွင်းရောက်သောအခါ ချိုင့်ခွက်များ၊ ရွှံ့ဗွက်များ၊ ရေအိုင်ငယ်များဖြင့် ပြည့်နေတတ်ပေသည်။ မြို့ကလေး၏ အားထားရာ စည်ပင်နှင့် ဆောက်လုပ်ရေးရုံးမှ လူကြီးမင်းတို့ကို အပြစ်ပြော၍ မဖြစ်နိုင်ပါ။ အရာရှိကြီး၊ ငယ်တို့သည်လည်း မြို့ကလေး၏ ဆံပင်တို့ကို အတတ်နိုင်ဆုံး ပြုပြင် လျှော်ဖွပ်ပေးလျက် ရှိကြပါသည်။ သို့သော် သူတို့ အသုံးပြုသော ခေါင်းလျှော်ရည်ပမာဏ နည်းနေသည်ထင်အံ့၊ ကတ်ကြေးတုံးနေသည် ထင်အံ့။ အကြောင်းမှာ အသုံးပြုထားသော ကတ္တရာစေးတို့၏ ပါးလျမှုကို မြင်တွေ့နိုင်သကဲ့သို့ မိုးတစ်ကြိမ်ရွာသည်နှင့် ချိုင့်ခွက်များ နဂိုမူလအတိုင်း ပြန်ပေါ်လာသည်ကို တွေ့ရပါမည်။ မြို့ကလေး၏ အစည်ကားဆုံးသော နေရာများမှာ တရားရုံးနှင့် ဆေးရုံတို့ ဖြစ်နေကြသည်။ ပုံစံအမျိုးမျိုးဖြင့် ဆောက်လုပ်ထားသော အစိုးရရုံးများ၊ ဆေးရုံ၊ တက္ကသိုလ်ကျောင်းများ၊ စက်ရုံများမှာ ခန့်ညား ထည်ဝါစွာပင် မြို့တစ်လျှောက်လုံးတွင် ရပ်တည်နေကြပါပြီ။ မြို့ကလေး၏ ရေမွှေးနံ့မှာ ယခုအခါ ဆိုးရွားလျက်ရှိနေပါပြီ။ မြို့တစ်လျှောက် ပလက်ဖောင်းပေါ်တွင် တည်ခင်းထားသော ဈေးဆိုင်ငယ်များမှာ မြင်မကောင်း၊ ရှုမကောင်း၊ စနစ်တကျ ဖောက်လုပ်ထားခြင်း မရှိသော မြောင်းငယ်တို့မှာ ပုပ်ဟောင်နံစော်လျက်။ မြို့ကလေး၏ ဈေးကို သွားကြည့်ပါ။ မူးမော်နောက်ကျိခြင်း အရသာကို ခံစားရပါမည်။ ဈေး၏ အမှိုက်ပုံကို မရှာလေနှင့်။ အကြောင်းမှာ ဈေးသည်ပင် အမှိုက်စွန့်ပစ်ရာ ဖြစ်နေသောကြောင့်ဖြစ်သည်။
ယခင်က တောင်သူလယ်သမားတို့သည် ယခု ပြန်၍ခေတ်စားလာပြီဖြစ်သော အော်ဂဲနစ်နည်းစနစ် ပုံစံတို့ဖြင့် စိုက်ပျိုးခဲ့ကြသည်။ မှန်ပါသည်။ အော်ဂဲနစ်နည်းစနစ် တိတိကျကျဟု မဆိုနိုင်သော်လည်း မည်သည့်ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတို့ကိုမျှ မသုံးစွဲခဲ့ကြပါ။ မြေကြီး၊ ရာသီဥတု၊ ပတ်ဝန်းကျင် တောတောင်ရေမြေတို့မှာ သမမျှတနေခဲ့ပေသည်။ သို့သော် ရန်သူမျိုးငါးပါး သာမက အခြားသောဒုက္ခတို့ကိုလည်း တောင်သူလယ်သမားတို့သည် ခံစားခဲ့ကြရသည်။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် ဖြစ်လာသော် ချစ်တီးတို့၏ဒဏ်ကို ဆိုးရွားစွာ ထပ်မံ ခံစားကြရပြန်သည်။ လွတ်လပ်ရေးရရှိလာပြီး နှစ်အနည်းငယ်နောက်ပိုင်းတွင် စစ်အာဏာရှင်တို့ ကြီးစိုးလာကြပြန်သည်။ လယ်များ သိမ်းကြသည်။ ယာများ သိမ်းကြကုန်သည်။ လယ်သိမ်းခံရသော တောင်သူတို့မှာ တိတ်တဆိတ် အံကိုကြိတ်၊ မျက်ရည်သိမ်း၊ ရရာအလုပ်ကို လုပ်ကိုင်ကြရသည်။ နိုင်ငံခြားထွက် ကျွန်လုပ်ကြသည်။ အံကိုကြိတ်၊ မျက်ရည်ထွက်ရုံက လွဲပြီး လုပ်နိုင်ဖို့ရာ အခြားမရှိပေ။ အကြောင်းမှာ သေနတ်ကို မိုးပေါ်ထောင် မပစ်တတ်သော စစ်ဖိနပ်များ ရှိနေသောကြောင့်ဖြစ်သည်။ မသေလျှင် ထောင်ဒဏ် ထပ်မံချီးမြှင့်ခြင်းခံရပါမည်။ သစ်များ ခုတ်၊ တောင်များ ဖြို၊ မြေများ တူး၊ ဓာတုစွန့်ပစ် ပစ္စည်းများ ကြိုက်ရာစွန့်ကြကုန်သော လူကြီးမင်းတို့ မိုးပေါ်မှ ကျလာကုန်သောအခါ မြို့ကလေး၏ ပတ်ဝန်းကျင်၊ ရာသီဥတုမှာ ဖောက်ပြန်ဆိုးရွားလာသည်။ စိုက်ပျိုးရေးအကြောင်း နကန်းတစ်လုံးမျှ မသိနားမလည်သော စစ်အင်္ကျီချွတ် လူပုဂ္ဂိုလ်တို့သည် စိုက်ပျိုးရေး ဝန်ကြီးအဖြစ် နှစ်ပေါင်းများစွာ ထိုင်ခုံမှမထဘဲ နေခဲ့ကြပေသည်။ အဆိုပါ လူကြီးမင်းတို့၏ မစို့မပို့ချပေးသော မြေသြဇာတို့မှာ သက်ဆိုင်ရာလူကြီးမင်း၊ လူငယ်မင်းတို့၏ အဆင့်ဆင့် ခြစား၊ ချစား၊ ပြောင်စားစနစ်ကို ထပ်မံ ကျော်ဖြတ်ရကာ တောင်သူများထံသို့ မဆိုသလောက်ကလေး ရောက်ရှိလာခဲ့သည်။ ထိုမှတစ်ဆင့် စိုက်ပျိုးရေးကုမ္ပဏီများ ပေါ်လာသောအခါ တောင်သူများကား အကွဲကွဲအပြဲပြဲ ရပ်တည်နေကြရရှာသည်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးတို့ကား အစွမ်းကုန် အစွမ်းပြကြပေရာ မြို့ကလေး နယ်နိမိတ်တစ်လျှောက် လယ်ယာမြေတို့မှာ ပပ်ကြားအက်ကြကုန်၏၊ မာခဲတောင့်ခဲ့ကြကုန်၏။ ဓာတ်မြေသြဇာ မသုံးနိုင်သည့် မြေကွက်တို့မှာ သနားစရာ။ အထွက်နှုန်းမှာ နှမ်းစေ့မျှသာ။ ထွက်ကုန်ဈေးကွက်တို့ကိုလည်း ပွဲစား၊ ဒိုင်အရင်းရှင်နှင့် လူလည်များက ထိန်းချုပ်ထားခဲ့ကြသည်။ မတန်တဆ အောက်ဈေးဖြင့် ရောင်းကြရသည်။ အင်ထုသော မြေသြဇာတို့မှာလည်း တစ်ပုံတစ်ပင်။ တောင်သူလယ်သမားတို့မှာ မတန်တဆ ဈေးကြီးပေး ဝယ်ယူကြရ၏။ ကုမ္ပဏီများ၏ ဂုတ်သွေးစုပ်မှုသည် မြို့ကလေး၏ စိုက်ပျိုးရေး သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဖြစ်သည်။ မြို့ကလေး၏ အစိုးရနှစ်ရပ်၊ နှစ်ဖွဲ့သည် ရွှံ့ဗွက်ထဲတွင် တစ်နေကုန် တစ်နေခန်း လုပ်ကိုင် စားသောက်ရရှာသော တောင်သူလယ်သမားတို့ကို သနားညှာတာ၊ အဖြေရှာပေးကြမည့် အစားစားခွက်သာ ထိုင်လုနေကြသည်။ သူတို့ သနားနိုင်သည်မှာ စာရွက်ပေါ်တွင် စိုက်ပျိုးရေးဆိုင်ရာ ပေါ်လစီများကို ကောင်းသည် ထက်ကောင်းအောင် ချရေးဖို့လောက်သာ ဖြစ်ပေသည်။ တောင်သူလယ်သမားတို့မှာကား သမိုင်းတစ်လျှောက် နင်းပြားဘဝဖြင့် ကြံ့ကြံ့ခံကာ ရှင်သန်ရုန်းကန် နေကြရပေသည်။
ဆန်တစ်စေ့ဖြစ်လာဖို့ မည်သို့မည်ပုံ လုပ်ကိုင်ကြရသည်ကိုလည်း မြို့နေလူထုတို့ မသိကြပါ။ သိရန်လည်း လိုအပ်သည်ဟု ထင်ကြပုံမပေါ်ပါ။ သို့သော် သိရန်လိုအပ်ပါသည်။ မြို့သူမြို့သားတို့သည် ဆန်စပါး၊ အသီးအနှံ အရွက်တို့ကို နေ့တိုင်းစားနေကြရသည် မဟုတ်ပါလား။ ဓာတ်ကြွင်းအာနိသင်များသော၊ ကျန်နေသေးသော သီးနှံတို့သည် မြို့ဈေးတစ်လျှောက် နေရာအနှံ့တွင် နေရာယူနေပါပြီ။ ဓာတုဆေးများ စိမ်ထားသော ငှက်ပျောသီး၊ သင်္ဘောသီး၊ ထောပတ်တို့ကို ပျော်ပျော်ကြီး စားသောက်နိုင်ပါပြီ။ ယူရီးယား ပစ်ထည့်ထားသော ငါးပိတို့ကို နေ့တိုင်း ရနေပါပြီ။ မြို့ကလေး၏ အပေါဆုံး၊ အများဆုံးသော အရာများကို ပြောပါဆိုလျှင် ပြောရပါမည်။ စစ်ပွဲ၊ ခွေးလေခွေးလွင့်၊ အမှိုက်၊ အချိန်၊ အကျင့်ပျက်ခြစားနေသော ဝန်ထမ်းများ စသည် စသည်ဖြင့်။ ဆင်းရဲမွဲတေသော မြို့ကလေးတွင် စစ်ပွဲများ ရှိနေသည်မှာ အံသြစရာ မဟုတ်ပါ။ ဆင်းရဲမွဲတေမှု၏ တရားခံနံပါတ် (၁) မှာ စစ်ပွဲဖြစ်ပါသည်။ တစ်ဖက်နှင့်တစ်ဖက် မီးကုန်ယမ်းကုန် တိုက်နေကြခြင်း မဟုတ်ဘဲ တိုက်လိုက်၊ ရပ်လိုက်ပုံစံမျိုးဖြင့် သွားနေကြခြင်းဖြစ်သည်။ အနာဂတ်၏ ခေါင်းဆောင်ဆိုသည့် ကလေးငယ်တို့သည် ပလတ်စတစ် ကောက်နေကြသည်။ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တို့တွင် စားပွဲထိုး လုပ်နေကြသည်။ ကျောင်းနေသော ကလေးငယ်တို့သည်လည်း သနားစရာပါ။ ‘ဒါကျက် ဒါဖြေ’ စနစ်ကြီးသည်လည်း မြို့ကလေး၏ ဆင်းရဲရခြင်းအကြောင်းတွင် ပါဝင်နေပါသည်။ အကြောင်းမှာ ဒါကျက်၊ ဒါဖြေစနစ်မှ အောင်မြင်စွာ ထွက်ပေါ်လာသော လူငယ်တို့မှာလည်း ယောင်နန ကြောင်အအ ဖြစ်ကုန်ကြရပေသည်။ သို့သော်လည်း ကြီးမားထူထဲသော စာအုပ်ထဲမှ တွေ့ရှိချက်၊ ကောက်ယူထားသော စာရင်းတို့မှာမူ လူကြီးမင်းတို့ အလိုကျအတိုင်း အားလုံး ကောင်းပါသည်ဟူ၍ ဖြစ်နေပေရာ ရယ်စရာ ကောင်းနေသည်။ ဥပဒေ၏အထက်တွင် မည်သူမျှမရှိဟု ဆိုထားသော မြို့ကလေး၏ တရားစီရင်ရာ ရုံးတော်ကြီးမှာ ယခုအခါ ပုံပျက်ပန်းပျက် ပျက်စီးနေပါပြီ။ လူတို့သည် တရားသူကြီးကို လာဘ်ပေးကြသည်။ တရားသူကြီးသည် အမှု၏ ဖြစ်စဉ်၊ ဖြစ်ရပ်၊ အမှန်တရားကို မကြည့်။ ငွေမျက်နှာကိုသာ ကြည့်ပေ၏။ သို့ဖြစ်ပေရာ လောကကို စောင့်ရှောက်သော လောကပါလသည်လည်း ထိုတရားရုံး၌ မနေနိုင်တော့ချေ။ ကာလနဂါးကြီး အိပ်ပျော်သကဲ့သို့ နှစ်ပေါင်းများစွာ အိပ်ပျော်နေပေပြီ။ မြောင်းထဲ ရောက်သွားသော စုတ်ပြတ်သတ်နေသော တရားရုံးကို ပြန်လည်ပြုပြင်ရန်မှာ မြို့ကလေး၏ အစိုးရနှစ်ဖွဲ့၌ တာဝန်ရှိသကဲ့သို့ မြို့သူမြို့သားတို့၌လည်း တာဝန်ရှိသည်။ သို့သော် ထိုကိစ္စကို မည်သူမျှ စိတ်မဝင်စားနိုင်ကြပေ။ အကြောင်းမှာ အစိုးရသည် အစိုးရအလျောက်၊ မြို့သူမြို့သားတို့သည်လည်း မြို့သူမြို့သားတို့အလျောက် အလုပ်ရှုပ်သလိုလို ဘာလိုလို ဆင်ခြေပေးနေကြသည်။ တရားဥပဒေသည် ငွေရှိသော လူပုဂ္ဂိုလ်တို့ကို ကာကွယ်ပေး၍ ဆင်းရဲသားတို့ကို နှိပ်စက်မြဲ နှိပ်စက်လျက်ရှိသည်ဟူသော စကားမှာ မြို့ကလေးအတွက် အပိုအလိုမရှိ ကွက်တိပင် ဖြစ်နေပေပြီ။ မြို့ကလေး နေမကောင်းဖြစ်နေသည်ကို မြို့သူမြို့သားတို့ကား မသိကြပါ။ အကြောင်းမှာ သူတို့ကိုယ်တိုင်ပင် ဖျားနာ၊ စိတ်ညစ်နေကြ၍ဖြစ်သည်။