မာကယ်နှင့် နေတန်ယာဟုတို့က သဘောထားကွဲလွဲမှုများကို ကျော်လွှားပြီး ပူးပေါင်းမှုကို မြှင့်တင်ရန် ကြိုးပမ်း

မာကယ်နှင့် နေတန်ယာဟုတို့က သဘောထားကွဲလွဲမှုများကို ကျော်လွှားပြီး ပူးပေါင်းမှုကို မြှင့်တင်ရန် ကြိုးပမ်း
အောက်တိုဘာ ၄ ရက်တွင် အစ္စရေးပြတိုက်သို့ သွားရောက်ခဲ့သည့် ဂျာမနီဝန်ကြီးချုပ် မာကယ် (လယ်) နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (ဝဲ) တို့ကို တွေ့ရစဉ် (Photo: AFP)
အောက်တိုဘာ ၄ ရက်တွင် အစ္စရေးပြတိုက်သို့ သွားရောက်ခဲ့သည့် ဂျာမနီဝန်ကြီးချုပ် မာကယ် (လယ်) နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (ဝဲ) တို့ကို တွေ့ရစဉ် (Photo: AFP)
Published 4 October 2018
Ref: AFP

ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့သည် ၎င်းတို့အကြား သဘောထား ကွဲလွဲနေမှုများကို ကျော်လွှားနိုင်ရန်နှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်အတွက် အောက်တိုဘာ ၄ ရက်တွင် ကြိုးပမ်းခဲ့ကြသည်။ ၂၀၁၇ ခုနှစ်တွင် ခရီးစဉ် ရွှေ့ဆိုင်းခဲ့သော်လည်း နှစ်နိုင်ငံ အစိုးရအကြား ဆွေးနွေးမှုများ ပုံမှန်ပြုလုပ်နေမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မာကယ်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင်များသည် အစ္စရေးသို့ သွားရောက်ခဲ့ကြသည်။

သို့သော် သိမ်းပိုက်ထားသော ဝက်စ်ဘင့်တွင် အစ္စရေး၏ အခြေချနေထိုင်မှုနှင့် ဆက်နွှယ်သော ဥပဒေကြောင့် မာကယ်က မပျော်မရွှင်ဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ယခုသီတင်းပတ် ခရီးစဉ်မတိုင်မီကလည်း အငြင်းပွားစရာများသည် လျော့နည်းသွားခြင်း မရှိခဲ့ပေ။

ပြီးခဲ့သော သီတင်းပတ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် နေတန်ယာဟုက ဥရောပသည် အီရန်ကို နှစ်သိမ့်နေကြောင်း စွပ်စွဲခဲ့ရာ ဒုတိယ ကမ္ဘာစစ်မတိုင်မီ အဒေါ့ဟစ်တလာအား ဆန့်ကျင်ရပ်တည်ရန် ဥရောပနိုင်ငံများ၏ တုံ့ဆိုင်းနေမှုကို ပြန်ပြောင်းသတိရစေခဲ့သည်ဟု ဆိုခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဦးဆောင်မှုအတိုင်းလိုက်၍ ဥရောပနိုင်ငံများသည် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ရန်အတွက် စည်းရုံးနိုင်ရန် နေတန်ယာဟုက ကြိုးပမ်းနေသည်။

ခက်ခက်ခဲခဲ ရရှိထားသော ထိုသဘောတူညီချက်တွင် ပါဝင်ခဲ့သည့် အခြားနိုင်ငံများ ကဲ့သို့ပင် ဂျာမနီသည် ထိုသဘောတူညီချက် ဆက်လက် ရှင်သန်နိုင်ရန် ကြိုးပမ်းနေသည်။ ထိုသဘောတူညီချက်သည် အီရန်အား နျူကလီးယားလက်နက်များ ရရှိစေရန် ကြိုးပမ်းမှုမှ ယခုအချိန်အထိ ကြိုတင်ဟန့်တားထားနိုင်ကြောင်း ဂျာမနီက ထောက်ပြသည်။

ပါလက်စတိုင်းနယ်မြေအား အစ္စရေးက သိမ်းယူထားမှုနှင့် ပတ်သက်သော ကိစ္စကဲ့သို့  အစ္စရေးအား တောင်းဆိုနေမှုများသည် ဥရောပသမဂ္ဂ၏ အလုံးစုံရူးနှမ်းမှုဖြစ်ကြောင်း နေတန်ယာဟုက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ထိုအကြောင်းအရာနှင့် အခြားအကြောင်းအရာများတွင် သဘောထား ကွဲလွဲနေကြသော်လည်း နှစ်နိုင်ငံစလုံးက ယင်းခရီးစဉ် အဆင်ပြေ ချောမွေ့စေရန် ဆုံးဖြတ်ထားကြသည်။

မာကယ်က အစိုးရအကြား အပြန်အလှန် ခရီးစဉ်သည် ၁၀ နှစ်ကြာရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုခရီးစဉ်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာတို့ကို အာရုံစိုက် ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂနိုင်ငံများက အစ္စရေး၏ အခြေချနေထိုင်မှု အစီအစဉ်ကို အကြိမ်ကြိမ် ဝေဖန်ခဲ့ကြပြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နှစ်နိုင်ငံ ယှဉ်တွဲနေထိုင်မှု အဖြေအတွက် ကျန်ရှိနေသော အလားအလာများကို ခြိမ်းခြောက်နေကြောင်း သတိပေးခဲ့ကြသည်။ ဂျာမနီသည် ထိုကိစ္စတွင် ခိုင်မာစွာ ရပ်တည်နေဆဲဖြစ်သည်။ သိမ်းပိုက်ခံ ဝက်စ်ဘင့်၏ မဟာဗျူဟာကျသော နေရာတစ်ခုရှိ Bedouin ကျေးရွာကို ဖြိုဖျက်မည့် အစ္စရေး၏ အစီအစဉ်ကို ဆန့်ကျင်မှုတွင် ဂျာမနီက မကြာသေးမီ သီတင်းပတ်များတွင် ပူးပေါင်း ပါဝင်လာခဲ့သည်။ နေတန်ယာဟုသည် ၎င်းတို့နိုင်ငံ၏ အဓိကရန်ဘက် အီရန်ကိစ္စကိုလည်း ဆွေးနွေးဖွယ်ရှိသည်။

Most Read

Most Recent