ကိုရီးယားကို သုံးဂိုးပြန်သွင်းနိုင်ခဲ့၍ ဘာရိန်းနှင့်ပွဲအတွက် အားဖြစ်စေခဲ့ဟု အန်တွမ်နီဟေး ပြောကြား

ကိုရီးယားကို သုံးဂိုးပြန်သွင်းနိုင်ခဲ့၍ ဘာရိန်းနှင့်ပွဲအတွက် အားဖြစ်စေခဲ့ဟု အန်တွမ်နီဟေး ပြောကြား
Published 3 August 2018

ဓာတ်ပုံ -ညီညီစိုးညွန့်

မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် အန်တွမ်နီဟေးက  Alpine Cup လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပထမပွဲတွင် တောင်ကိုရီးယားအသင်းကို ရှုံးနိမ့်သော်လည်း သုံးဂိုးပြန်သွင်းနိုင်သဖြင့် ယနေ့ယှဉ်ပြိုင်ကစားမည့် ဘာရိန်း ယူ-၂၃ အသင်း နှင့် ဒုတိယပွဲအတွက် အားဖြစ်စေခဲ့ကြောင်း ပြောကြားသည်။

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို သြဂုတ် ၃ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေ ၃ နာရီ တွင် ထိုင်း ယူ-၂၃ အသင်းနှင့် တောင်ကိုရီးယား ယူ-၁၉ အသင်း၊ ညနေ ၆ နာရီတွင် မြန်မာ ယူ-၂၃ အသင်းနှင့် ဘာရိန်း ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အန်တွမ်နီဟေးက “ရလဒ်အရကြည့်ရင် ကျေနပ်စရာမကောင်းပေမဲ့ ပွဲကောင်းတစ်ပွဲတော့ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ကစားသမားတွေ ပုံစံကောင်းပြနိုင်ခဲ့ပါတယ်။ အမှားတချို့ရှိပေမဲ့ ဆိုးဆိုးရွားရွားကြီး မမှားခဲ့ပါဘူး။ ပထမပိုင်းမှာ သုံးဂိုးပြတ်ရှုံးနေပေမဲ့ ပထမပိုင်းအပြီး အဝတ်လဲခန်းမှာ ကစားသမားတွေကို အပြစ်မတင်ခဲ့ပါဘူး။ ဂိုးတွေပေးလိုက်ရတာ အားနည်းချက်တွေရှိပေမဲ့ ဒုတိယပိုင်းမှာ ဂိုးတွေပြန်ရမယ်လို့ ယုံကြည်ခဲ့ပါတယ်။ ကျွန်တော်ယုံကြည်တဲ့အတိုင်း သုံးဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ သုံးဂိုးပြန်သွင်းနိုင်ခဲ့တဲ့ ကျွန်တော့်ကစားသမားတွေရဲ့ စိတ်ဓာတ်ကို ချီးကျူးပါတယ်။ သုံးဂိုး ပြန်သွင်းနိုင်တာက ဘာရိန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ဒုတိယပွဲအတွက် အားတစ်ခုဖြစ်စေခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲကို ရလဒ်အတွက် ယှဉ်ပြိုင်တာမဟုတ်ပါဘူး။ အာရှအားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ယှဉ်ပြိုင်တာဖြစ်တာကြောင့် ကစားသမားအားလုံးကို အသုံးပြုမှာပါ။ လက်ကျန်နှစ်ပွဲမှာ အကောင်းဆုံးရလဒ် ရအောင် ယှဉ်ပြိုင်မှာပါ”ဟု ပြောကြားသည်။

Most Read

Most Recent