ဂျပန်နိုင်ငံ၏ အကောင်းဆုံးတိုက်ခိုက်ရေးသမားဖြစ်သောကြောင့် ဟဆဲဂါဝါကို အောင်လအန်ဆန်နှင့် ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲထိုးသတ်စေခြင်းဖြစ်သည်ဟု ONE Championship ထုတ်ပြန်

ဂျပန်နိုင်ငံ၏ အကောင်းဆုံးတိုက်ခိုက်ရေးသမားဖြစ်သောကြောင့် ဟဆဲဂါဝါကို အောင်လအန်ဆန်နှင့် ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲထိုးသတ်စေခြင်းဖြစ်သည်ဟု ONE Championship ထုတ်ပြန်
Published 29 June 2018

အောင်လအန်ဆန်နှင့် ဟဆဲဂါဝါအား ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

 

ONE Championship အဖွဲ့အစည်းသည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် ထိုးသတ်မည့် ဟဆဲဂါဝါကို ဂျပန်နိုင်ငံ၏ အကောင်းဆုံး တိုက်ခိုက်ရေးသမားဖြစ်သောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ONE Championship စီးပွားရေးဆိုင်ရာ အရာရှိချုပ် မစ္စတာဂျက်လင်မ်က “ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ MMAပြိုင်ပွဲတွေမှာ အကောင်းဆုံးပွဲတွေကိုပဲ ဖန်တီးနေပါတယ်။ အောင်လအန်ဆန်နဲ့ မူလထိုးဖို့ ရွေး ချယ်ထားတာက ဘစ်ဒက်ရှ်နဲ့ လီအန်ဒရိုပွဲက အနိုင်ရတဲ့သူနဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ လီအန်ဒရိုက ဒဏ်ရာကြောင့် နုတ်ထွက်သွားတာကြောင့် ဟဆဲဂါဝါနဲ့ အစားထိုးခဲ့တာပါ။ ဟဆဲဂါဝါက ဂျပန်နိုင်ငံရဲ့ အကောင်းဆုံး တိုက်ခိုက်ရေးသမားဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် အောင်လအန်ဆန်နဲ့ ထိုးသတ်ဖို့ ရွေးချယ်ခဲ့တာပါ”ဟု ဇွန် ၂၇ ရက် ကျင်းပသည့် ပွဲကြိုသတင်းစာရှင်း လင်းပွဲတွင် ပြောကြားသည်။

အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲပါဝင်မည့် MMA ပြိုင်ပွဲကို ဇွန် ၂၉ ရက် (ယနေ့) ညနေ ၆ နာရီခွဲတွင် အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပ မည်ဖြစ်ပြီး တွဲဆိုင်း ၁၀ ပွဲ ပါဝင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာကစားသမားများ ထိုးသတ်မည့် တွဲဆိုင်းတစ်ပွဲသာပါဝင်ပြီး စောဒါဝိတ်နှင့် မိုက်ရိုင်းပွဲကို ထပ်တိုးကျင်းပမည် ဖြစ်သည်။

အောင်လအန်ဆန်သည် ONE Championship မှ ကြီးမှူးကျင်းပနေသည့် MMA ပြိုင်ပွဲတွင် ဝိတ်တန်းနှစ်ခု၏ချန်ပီယံ ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတွင် ချန်ပီယံဆုရရှိထားခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို တစ်နှစ်အကြာတွင် ထိုးသတ်ရခြင်းဖြစ်ပြီး ယခုပွဲအတွက် ကိုးပတ် အချိန်ယူပြင်ဆင်ထားကြောင်း သိရသည်။

ONE Championship သည် အောင်လအန်ဆန်၏ ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲများကို ရန်ကုန်မြို့၌သာ ကျင်းပမည်ဖြစ်ပြီး လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲကိုလည်း ယခုနှစ်အတွင်း ထိုးသတ်မည်ဖြစ်သည်။ ဟဆဲဂါဝါသည် MMA ပြိုင်ပွဲတွင် ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး အနိုင်ရရှိရန် အချိန်ယူပြင်ဆင်ထားကြောင်း သိရသည်။