ဘရာဇီးလ်အသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် ကွင်းလယ်လူ ဖရက်ဒ် ခြေချင်းဝတ်ဒဏ်ရာရရှိ

ဘရာဇီးလ်အသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် ကွင်းလယ်လူ ဖရက်ဒ် ခြေချင်းဝတ်ဒဏ်ရာရရှိ
Published 8 June 2018

ယခုနွေရာသီအပြောင်းအရွှေ့တွင် ရှက်တာဒိုးနက်အသင်းမှ မန်ယူသို့ပြောင်းရွှေ့လာသည့် ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ ဖရက်ဒ်သည် လေ့ကျ့င့်ရေးကွင်း ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သောကြောင့် စမ်းသပ်စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်နိုင်ငံတွင် ရောက်ရှိနေသော ဘရာဇီးလ်အသင်းသည် စပါးအသင်း၏လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်လူ ဖရက်ဒ်မှာ အသင်းဖော် ကက်စမဲရိုး၏ ကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့် ညာဘက်ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဒဏ်ရာရရှိခဲ့ပြီးေ်နာက် ဘရာဇီးလ်အသင်းဆေးအဖွဲ့သည် ဖရက်ဒ်အား ကွင်းဘေးတွင် အရေးပေါ်ကုသမှုများပြုလုပ်ခဲ့ရသည်။

ဘရာဇီးလ်အသင်းကြံ့ခိုင်ရေးနည်းပြ ရိုဒရီဂိုလက်စ်မာက ဖရက်ဒ်၏ဒဏ်ရာမှာ စောင့်ကြည့်ရမည့်အခြေအနေဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရိုဒရီဂိုလက်စ်မာက '' ဒီနေ့ လေ့ကျင့်ရေးအစီအစဉ်မှာ ဖရက်ဒ် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာအခြေအနေကို အတိအကျတော့မပြောနိုင်သေးပါဘူး။ လာမယ့် (၂၄)နာရီအတွင်းမှာ သူ့ဒဏ်ရာအခြေအနေတိုးတက်ကောင်းမွန်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။  မကြာခင်အချိန်မှာ သူ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေ ထပ်မံလုပ်ဆောင်ဖို့လိုအပ်၊ မလိုအပ်ဆိုတာ ကျွန်တော်တို့ သိရမှာပါ'' ဟု ပြောကြားခဲ့သည်။

ဖရက်ဒ်သည် ယခုဒဏ်ရာကြောင့် ဘရာဇီးလ်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်များကို လွဲချော်ဖွယ်ရှိနေကြောင်းသိရသည်။

Most Read

Most Recent