
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က ဝါရှင်တန်ရှိ ရုံးချုပ်သစ်တွင် စကားပြောနေသော Amazon ထူထောင်သူ ဂျက်ဘီဇော့ (Photo: AP)
အမေရိကန် နည်းပညာ လုပ်ငန်းကြီး Amazon ၏ ရှယ်ယာများ ဈေးခုန်တက်ခဲ့aသာကြောင့် ဇူလိုင် ၂၇ တွင် Amazon ကို တည်ထောင်သူ ဂျက်ဘီဇော့သည် မိုက်ခရိုဆော့ဖ်အား တည်ထောင်သူ ဘီဂိတ်ကို ကျော်တက်၍ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ခေတ္တရပ်တည်ခဲ့ကြောင်း ဖို့ဘ်မဂ္ဂဇင်းက ခန့်မှန်းခဲ့သည်။
ဘီဇော့၏ ချမ်းသာမှုသည် ဇူလိုင် ၂၇ အစောပိုင်းတွင် ဒေါ်လာ ၉၀ ဒသမ ၅ ဘီလျံထိ ရောက်ရှိခဲ့ပြီး ဘီဂိတ်၏ ချမ်းသာမှု ဒေါ်လာ ဘီလျံ ၉၀ ထက် ပိုမိုများပြားခဲ့ကြောင်း ဖို့ဘ်မဂ္ဂဇင်းက ပြောကြားခဲ့သည်။
သို့သော်လည်း နောက်နာရီ အနည်းငယ် အကြာတွင် Amazon ၏ ရှယ်ယာများ ဈေးပြန်ငြိမ်သွားခဲ့သောကြောင့် ဘီဇော့သည် ဒုတိယအချမ်းသာဆုံး နေရာသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
အွန်လိုင်း လက်လီအရောင်းလုပ်ငန်းကြီးအဖြစ် စတင်ခဲ့သော Amazon သည် အွန်လိုင်းဗီဒီယို၊ ကွန်ပျူတာဟာ့ဒ်ဝဲ ထုတ်လုပ်သူ၊ Cloud Computing၊ Artificial Intelligence စသည့် လုပ်ငန်းစုံ ဒီဂျစ်တယ် နည်းပညာ ကုမ္ပဏီအဖြစ်အထိ ချဲ့ထွင်နေသည်။
ဘီဇော့သည် Amazon တွင် ရှယ်ယာ ၁၇ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားပြီး Amazon ၏ ရှယ်ယာများသည် ပြီးခဲ့သည့် လေးနှစ်အတွင်း ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ဘီဇော့၏ ပိုင်ဆိုင်မှု ဒေါ်လာ ၁၇ ဘီလျံ ပိုမြင့်တက်ခဲ့သည်။
အသက် ၅၃ နှစ်အရွယ် ဘီဇော့သည် Amazon တွင် အများစု ပိုင်ဆိုင်ထားသည့်အပြင် ပုဂ္ဂလိက အာကာသကုမ္ပဏီ Blue Origin နှင့် Washington Post သတင်းစာတို့ကိုလည်း ပိုင်ဆိုင်ထားသည်။
ဘီဂိတ်သည် ပြီးခဲ့သည့်နှစ်များအတွင်း ဒေါ်လာဘီလျံ ၃၀ ကျော်ကို အများအကျိုးအတွက် လှူဒါန်းခဲ့သဖြင့် ဂိတ်က သိသိသာသာ ပို၍ ချမ်းသာနိုင်ကြောင်း ဖို့ဘ်က ထောက်ပြခဲ့သည်။ ဘီဇော့သည်လည်း ဒေါ်လာသန်း ၁၀၀ ခန့် လှူဒါန်းထားပြီး ကမ္ဘာကို သက်ရောက်နိုင်မှု တစ်ခုအတွက် ကုသိုလ်ဖြစ်လှူဒါန်းရန် စိတ်ကူးအကြံဉာဏ်များပေးကြရန် Twitter ၌ မကြာမီက တောင်းဆိုထားသည်။
၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ်အတွင်း ဒေါ်နယ်ထရန့်ကို ဆန့်ကျင်ခဲ့သော ဘီဇော့သည် ရွေးကောက်ပွဲပြီးနောက် အမေရိကန်အတွက် အလုပ်အကိုင်သစ် ၁၀၀၀၀၀ ကျော် ထပ်မံဖန်တီးပေးမည်ဟု ကြေညာခဲ့ပြီး သမ္မတသစ်အား အထောက်အကူ ဖြစ်စေခဲ့သည်။
ဘီဇော့သည် ဝါရှင်တန်တွင် အချိန်ပိုမိုပေးနေထိုင်ရန် ရည်ရွယ်ထားဖွယ်ရှိပြီး ဝါရှင်တန်၏ အကြီးဆုံး ပုဂ္ဂလိက အိမ်ရာတစ်ခုကို ဒေါ်လာ ၂၃ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။
Ref: AFP














