အင်ဒိုနီးရှားတွင် ရဲနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် စစ်သွေးကြွဟု ယူဆရသူတစ်ဦး ပစ်သတ်ခံရ

အင်ဒိုနီးရှားတွင် ရဲနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် စစ်သွေးကြွဟု ယူဆရသူတစ်ဦး ပစ်သတ်ခံရ
Published 6 July 2017

မြို့တော်ဂျကာတာ၏ အမျိုးသားရဲဌာနချုပ်အနီးမှ ဗလီတစ်ခုအတွင်း ရဲနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် စစ်သွေးကြွဟု ယူဆရသူတစ်ဦးအား အင်ဒိုနီးရှား အခြားရဲတစ်ဦးက ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားသော အစ္စလာမ္မစ် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားပြီး သီတင်းတစ်ပတ်ပင်မရှိသေးသည့် ကာလအတွင်း ယခုဖြစ်စဉ် ထပ်မံဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဇွန် ၃၀ ရက်ညပိုင်းက တိုက်ခိုက်သူသည် ရဲအချို့အပါအဝင် အခြားသူများနှင့်အတူ ဝတ်ပြုခဲ့ပြီးနောက် ဒိဋ္ဌိဟု ဟစ်ကြွေးပြီး ရဲနှစ်ဦးကို ဓားဖြင့်ဝင်ထိုးခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်ရီကွမ်တိုက ပြောကြားခဲ့သည်။ ထိုသို့ဓားဖြင့်ထိုးခဲ့ပြီးနောက် တိုက်ခိုက်သူသည် အဖမ်းမခံဘဲ အနီးရှိလူများဖြင့် ပြည့်ကျပ်နေသည့် ဘတ်စ်ကားဂိတ်တစ်ခုသို့ ထွက်ပြေးခဲ့သည်ဟု သိရသည်။

“သူဟာ ကျွန်တော်တို့ကို လှံစွပ်နဲ့တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ သူကိုပထမဆုံး သတိပေးတဲ့အနေနဲ့ပဲ ပစ်ခတ်ခဲ့တာပါ။ အဲဒီနောက်မှ အတည်ပစ်လိုက်တာဖြစ်ပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်” ဟု ရီကွမ်ဒိုက ပြောကြားခဲ့သည်။

တိုက်ခိုက်သူသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် တိုက်ခိုက်ရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဆတ်ယိုဝါစစ်တိုက ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားတွင် ယခင်နှစ်ဇန်နဝါရီလကတည်းကစ၍ အသေးစားတိုက်ခိုက်မှုများ ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ကို အများစုပစ်မှတ်ထားသော ယင်းတိုက်ခိုက်မှုများကို IS အဖွဲ့အားလိုလားသူများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဇွန် ၂၄ ရက်ကလည်း မြောက်ပိုင်းဆူမတ်တြားပြည်နယ်ရှိ ရဲဌာနချုပ်တစ်ခုသို့ IS အဖွဲ့မှဟုယူဆရသည့် စစ်သွေးကြွနှစ်ဦးက ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့ရသည်။ မေလကလည်း ဂျကာတာရှိ ဘတ်စ်ကားဂိတ်တွင် အသေခံဖောက်ခွဲမှုနှစ်ခုဖြစ်ပွားခဲ့ရာ ရဲသုံးဦးသေဆုံးခဲ့ရသည်။

Most Read

Most Recent