အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီသည် ဟော်မုဇ်ရေ လက်ကြားအရေးကို အိုမန်နိုင်ငံခြားရေးဝန်ကြီး ဗာဒါအယ်လ်ဘူဆေဒီ၊ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်ဘင်ဖာဟန်တို့နှင့် သီးခြားစီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်ဟု အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဇူလိုင် ၂၈ ရက်တွင် ပြောကြားသည်။
ထိုသို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ်အတွင်း ဒေသတွင်း တည်ငြိမ်မှုရရှိရေးနှင့် အမေရိကန်၏ ရန်လိုသော လုပ်ရပ်များကြောင့် ဟော်မုဇ်ရေလက်ကြားတွင် ဖြစ်ပေါ်နေသည့် မလုံခြုံမှုများ ပပျောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် ပူးတွဲသံတမန်ရေး ကြိုးပမ်းမှုများကို အရှိန်မြှင့်ရန် အရေးကြီးကြောင်း နှစ်ဖက်စလုံးက အလေးပေးပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းက ထပ်လောင်းဖော်ပြသည်။
အီရန်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အရှေ့အလယ်ပိုင်း စစ်ပွဲစတင်ခဲ့ချိန်မှစ၍ ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားခဲ့သောကြောင့် ရေကြောင်းကုန်သွယ်ကူးသန်းမှုများကို အဟန့်အတား ဖြစ်စေခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်များအတွင်း တိုက်ပွဲများသည် ဆော်ဒီအာရေးဗျနှင့် အီရန်ကျောထောက်နောက်ခံပြု ဟူရ်သီလက်နက်ကိုင်များ ပါဝင်သည့် ယီမင်နိုင်ငံတို့အထိ ကျယ်ပြန့်လာခဲ့သည်။
သို့သော်လည်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဒေသတွင်း၌ တိုက်ခိုက်မှုများ ခေတ္တငြိမ်သက်သွားခဲ့သည်။
Photo – AFP















