အိန္ဒိယတွင် ဆန္ဒပြကျောင်းသားများကို AK-47 ဖြင့် လူစုခွဲခဲ့သည့် ရဲအား တာဝန်မှ ယာယီရပ်ဆိုင်း

အိန္ဒိယတွင် ဆန္ဒပြကျောင်းသားများကို AK-47 ဖြင့် လူစုခွဲခဲ့သည့် ရဲအား တာဝန်မှ ယာယီရပ်ဆိုင်း
Published 28 July 2026

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဆန္ဒပြကျောင်းသားကျောင်းသူများကို လူစုခွဲရန် AK-47 သေနတ်ဖြင့် လေထဲသို့ ပစ်ဖောက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သည့် လူငယ်ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံ အသုံးပြုခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာပြီး ဇူလိုင် ၂၀ ရက်က နယူးဒေလီရှိ လွှတ်တော်သို့ချီတက်ခဲ့သည့် သောင်းနှင့်ချီသော ကျောင်းသားလူငယ်များကို နံပါတ်တုတ်ဖြင့် ရိုက်နှက်ခြင်း၊ မျက်ရည်ယိုဗုံးများ ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘီဟာပြည်နယ်၊ စီဝမ်မြို့တွင် ဇူလိုင် ၂၅ ရက်က အဓိကရုဏ်းနှိမ်နင်းရေး အဝတ်အစားဝတ်ဆင်ထားသည့် ရဲက ဆန္ဒပြသူများရှိရာသို့ ပြေးသွားကာ AK-47 သေနတ်ကိုချိန်ရွယ်ပြီး လေထဲသို့ အနည်းဆုံးသုံးချက် ပစ်ဖောက်ခဲ့သည်ကို မြင်ရသည့် ဗီဒီယိုကို လူမှုကွန်ရက်ပေါ်တွင် ကျောင်းသားများက တင်ခဲ့သည်။

ဘီဟာပြည်နယ် ရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်အတွင်း ဒဏ်ရာရသူ မရှိကြောင်း ပြောကြားခဲ့ပြီး “အဲဒီရဲက AK-47 သုံးတာ မှားပါတယ်။ ဆန္ဒပြသူတွေက ကျောင်းသားတွေဖြစ်တဲ့အတွက် အဲဒီလိုလုပ်ဖို့ မလိုဘူး” ဟု ထုတ်ပြန်ခဲ့သည်။

မေလအတွင်း ကျင်းပခဲ့သည့် ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲမေးခွန်းများ ပေါက်ကြားခဲ့ကာ ကျောင်းသားနှစ်သန်း ကျော် ဖြေဆိုခဲ့သည့် ယင်းစာမေးပွဲကို ပြန်လည်ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူငယ်များ၏ ဖိအားကြောင့် အိန္ဒိယပညာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်လိုက်သည့်အတွက် ဆန္ဒပြမှုများလည်း ရပ်တန့်သွားသည်။

Ref: Reuters,Photo: AP

Most Read

Most Recent