■ မြန်မာနိုင်ငံတွင် တိမ်းရှောင်နေသည့် မူးယစ်ဂိုဏ်းများကို နှိမ်နှင်းပေးရေး အပါအဝင် အချက်သုံးချက်ကို ထိုင်း တောင်းဆို
မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရေး ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်တင်ရန်နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာ နေရာများကို နှိမ်နင်းမှုများ ပိုမိုအားကောင်းစေရန် ထိုင်းကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ထိုင်းဘက်က သတင်းထုတ်ပြန်သည်။
ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်ကြီးဟောင်း ပိုင်ဘွန်ခွန်ချာရာက ဦးဆောင်၍ ဇူလိုင် ၂၅ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းလည်း ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထိုင်းကိုယ်စားလှယ်အဖွဲ့တွင် ဗိုလ်ချုပ်ကြီးဟောင်း ပိုင်ဘွန်ခွန်ချာရာ၊ တရားရေးဝန်ကြီး၊ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရို အကြီးအကဲများနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီးဟောင်း ပိုင်ဘွန်ခွန်ချာရာက ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူ၊ ရဲဗိုလ်ချုပ်မျိုးမင်းထိုက်နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထိုင်းဘက်က သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် မွန်းလွဲပိုင်းတွင်လည်း ထိုင်းကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ကောင်စီအဖွဲ့ဝင်များနှင့် ထပ်မံတွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းဘက်က မြန်မာနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းနိုင်ငံ၏ အရေးကြီး မူးယစ်ဆေးဝါးအမှု တရားခံပြေးများကို လိုက်လံဖမ်းဆီးပေးရန်၊ ထိုင်းနိုင်ငံမှ တင်ပို့သည့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ဓာတုကုန်ကြမ်းများကို စက်မှုလုပ်ငန်းများတွင် မှန်ကန်စွာ အသုံးပြုနေခြင်း ရှိ၊ မရှိ စစ်ဆေးပေးရန်နှင့် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ဓာတုကုန်ကြမ်းများကို မူးယစ်ဆေးဝါးထုတ်လုပ်ရန် တရားမဝင် သယ်ဆောင်မှုများကို တားဆီးပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်ကလည်း ထိုင်းနိုင်ငံ၏ အဆိုပြုချက်များကို ပူးပေါင်းဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များတွင် မြန်မာအရာရှိများ၏ ဗဟုသုတနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံထံမှ အကူအညီရယူလိုကြောင်း တောင်းဆိုခဲ့သည်ဟု ထိုင်းဘက်က သတင်းထုတ်ပြန်သည်။
ထို့ပြင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသော မူးယစ်ဆေးဝါး စစ်ဆေးရေးကိရိယာများ ပံ့ပိုးပေးရန်လည်း တောင်းဆိုခဲ့ကြောင်းနှင့် အစည်းအဝေးအပြီးတွင် နှစ်ဖက်စလုံးသည် သတင်းအချက်အလက်ဖလှယ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် အနီးကပ်စောင့်ကြည့်ခြင်းတို့ကို လုပ်ဆောင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ရေးတာဝန်ခံများ (coordinators) ခန့်အပ်ရန် သဘောတူညီခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်၍ မြန်မာအစိုးရဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။















