■ PDF အဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီးတစ်ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

■ PDF အဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီးတစ်ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်
Published 25 July 2026

PDF အဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီးတစ်ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

၎င်းတို့အား မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေပုဒ်မများနှင့်ပတ်သက်၍ အမှာစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။ 

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် M-16 သေနတ် နှစ်လက်၊ ကိုးလုံးကျည်လက်လုပ် ပြောင်းချောသေနတ် ခြောက်လက်၊ MG-1 လက်ပစ်ဗုံး နှစ်လုံး၊ စကားပြောစက် တစ်လုံး၊ ကျည်အိမ် သုံးခုနှင့် ကျည်မျိုးစုံ ၁၉၆ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် နှစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၀၀ ၊ လက်လုပ်ပြောင်းချောသေနတ် ခြောက်လက်အတွက် သိန်း ၃၀၊ လက်ပစ်ဗုံး နှစ်လုံးအတွက် ဆုကြေးငွေကျပ် ၆ သိန်း၊ စကားပြာစက် တစ်လုံးအတွက် ဆုကြေးငွေကျပ် ၂ သိန်းနှင့် အလင်းဝင်ရောက်လာသူ ၂၃ ဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ် ၁၀ သိန်းနှုန်းဖြင့် သိန်း ၂၃၀ ကျပ်၊ စုစုပေါင်းငွေကျပ် ၃၆၈ သိန်းအား ပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသူများမှာ မြိတ်မြို့မှ အမျိုးသား ရှစ်ဦး၊ ထားဝယ်မြို့မှ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ တနင်္သာရီမြို့မှ အမျိုးသား လေးဦး၊ ပုလောမြို့မှ အမျိုးသား တစ်ဦး၊ ပလောက်မြို့မှ တစ်ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မှအမျိုးသား တစ်ဦး စုစုပေါင်း ၂၃ ဦးဖြစ်ကြောင်း သိရသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent