ဥရောပအနောက်ပိုင်း ဒေသအချို့တွင် အပူချိန် အလွန်အမင်း မြင့်မားမှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် တောမီးများ အရှိန်အဟုန်ဖြင့် ကူးစက်လောင်ကျွမ်းလျက်ရှိရာ စပိန်မြို့တော်ဒေသ၌ အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး ပြင်သစ်နိုင်ငံကလည်း ဥရောပသမဂ္ဂ (အီးယူ) ထံမှ အကူအညီတောင်းခံထားသည်ဟု သိရသည်။
ပြင်သစ်အာဏာပိုင်များသည် အနောက်တောင်ဘက် အတ္တလန်တိတ်ကမ်းရိုးတန်းရှိ စခန်းချရာနေရာများနှင့်အားလပ်ရက် အပန်းဖြေအိမ်များမှ ကမ္ဘာလှည့်ခရီးသွား ထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ထွက်ခွာကြရန် အမိန့်ထုတ်ပြန်ထားသည်။
မီးသတ်သမားများသည်လည်း ရေ ဖျန်းလေယာဉ်များ၏ အကူအညီဖြင့် မီးငြှိမ်းသတ်နိုင်ရန် အလျင်အမြန် ကြိုးပမ်းနေသည်။ဥရောပ တောမီးသတင်းအချက်အလက်စနစ် (EFFIS) ထံမှရရှိသော ဂြိုဟ်တုအချက်အလက်များအရ ယခုနှစ်တွင် အီးယူနိုင်ငံများ၌ တောမီးလောင်ကျွမ်းခဲ့သည့် စုစုပေါင်း မြေဧရိယာပမာဏမှာ စံချိန်တင်ခဲ့ဖူးသည့် နှစ်များပြီးလျှင် ဒုတိယအများဆုံး ဖြစ်လာသည်ဟု သိရသည်။
ဥရောပတောင်ပိုင်း ဒေသအချို့၌ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထက်သို့ မြင့်တက်ကာ ပြင်းထန်သော အပူလှိုင်းဒဏ်ကို ခံစားနေရပြီး တောမီးငြှိမ်းသတ်ရင်း မီးသတ်သမား သုံးဦး သေဆုံးခဲ့ရသည်။
အခြေအနေများသည်"လွန်စွာ ပြင်းထန်နေဆဲ" ဟု သတိပေးပြောကြားရင်း ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်က အကူအညီတောင်းခံရန်အတွက် ဥရောပသမဂ္ဂ၏ အရပ်ဘက်ကာကွယ်ရေးယန္တရားကို ဇူလိုင် ၂၄ ရက်တွင် စတင်ကျင့်သုံးခဲ့သည်။
Ref:AFP
AFP photos















