■နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးက ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်
■နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ထုတ်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ပို့ဆောင်ရေး ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးဆွေးနွေး
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာအထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Margulan Baimukhan သည် ယနေ့(ဇူလိုင် ၂၂ ရက်)နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊ ဂုဏ်ပြုဆောင်ခန်းမသို့ ဦးစွာရောက်ရှိပြီး မြန်မာနိုင်ငံတော်အလံနှင့် ကာဇက်စတန်သမ္မတနိုင်ငံအလံတို့အား အလေးပြုခဲ့ကာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများကို တီးမှုတ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၏ဧည့်ဆောင်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Margulan Baimukhan က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား အလှမ်းကွာဝေးသော်လည်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာတိုးတက် ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရအဖွဲ့မှ နိုင်ငံတော်တာဝန်ထမ်းဆောင်နေမှုအပေါ် ကာဇက်စတန်နိုင်ငံအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိမှု၊ မကြာမီကာလအတွင်း ကာဇက်စတန်နိုင်ငံတွင် ပါလီမန်ရွေး ကောက်ပွဲကျင်းပသွားမည့်အခြေအနေနှင့် မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများကို လာရောက်လေ့လာနိုင်ရေးဖိတ်ကြားထားရှိမှု၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတူးဖော်ထုတ်လုပ်ရေး ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍ၊ ပို့ဆောင်ရေး ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်မည့် အခြေအနေ၊ ကာဇက်စတန်နိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် နှစ်နိုင်ငံလွှတ်တော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက် သွားမည့်အခြေအနေ၊ ကာဇက်စတန်နိုင်ငံအနေဖြင့် အလယ်အာရှဒေသတွင်တည်ရှိပြီး တရုတ်နိုင်ငံကို ဖြတ်သန်း၍ မြန်မာနိုင်ငံမှတစ်ဆင့် တောင်အာရှနိုင်ငံများနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးကူးလူးဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွား နိုင်သည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသတွင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သံတမန်ဆက်ဆံမှုများ ယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူတို့တက်ရောက်ခဲ့ကြသည်။















