အီရန်စစ်ဆင်ရေးအတွက် လက်ရှိတွင် အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၅ ဘီလျံ အသုံးပြုထားပြီးဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်က ဇူလိုင် ၂၁ ရက်တွင် ပြောကြားလိုက်သည်။
ကာကွယ်ရေးဝန်ကြီးက အထက်လွှတ်တော် ဘဏ္ဍာငွေခွဲဝေမှု ကော်မတီရှေ့မှောက်ထွက်ဆိုစဉ် ထိုကုန်ကျစရိတ်ကို ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အဖွင့်ပြောကြားမှုအတွင်း ဆန္ဒပြသူများက အကြိမ်ကြိမ် ကြားဖြတ်ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။ အီရန်စစ်ပွဲ စတင်ချိန်မှစ၍ တပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့ပြီဟု အမေရိကန်စစ်တပ်က ထုတ်ပြန်ထားကာ ဒဏ်ရာရသူ ၅၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက အေပီသတင်းဌာနကို ဖွင့်ဟထားသည်။
ကွန်ဂရက်ထံမှ တောင်းခံထားသည့် အပိုအသုံးစရိတ် အမေရိကန်ဒေါ်လာ ၆၇ ဘီလျံကို မရရှိပါက ပင်တဂွန်အနေဖြင့် တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးအစီအစဉ်များကို လျှော့ချရနိုင်ခြေရှိကြောင်း ကာကွယ်ရေးဝန်ကြီးက သတိပေးကာ တပ်ဖွဲ့ဝင်များ၏ လစာ၊ လောင်စာဆီနှင့် ရန်သူ့ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကို ကာကွယ်ရန် လက်နက်ပစ္စည်းများအတွက်လည်း ရန်ပုံငွေလိုအပ်နေကြောင်း ပြောကြားခဲ့သည်။
၎င်း၏အဆိုအရ ဒေါ်လာ ၄၆ ဘီလျံကို လက်နက်ခဲယမ်း ဝယ်ယူရန်နှင့် ထုတ်လုပ်မှုတိုးချဲ့ခြင်းတို့အတွက် သုံးစွဲမည်ဖြစ်ပြီး ဒေါ်လာ ၂၁ ဘီလျံကို တပ်ဖွဲ့ဝင်များ၏လစာ၊ လောင်စာဆီနှင့် စစ်လက်နက်ပစ္စည်းများ ဖြည့်တင်းရန်အတွက် သုံးစွဲမည်ဖြစ်သည်။
Ref: AP















