" ဧရာဝတီ-ယန်ဇီ ရိုးရာယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော်"ကို မန္တလေးမြို့တွင် သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ကြင်းတော်ယန်ဗုဒ္ဓဘာသာဘုရာကျောင်းတွင် ဇူလိုင်လ ၂၁ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအရ သိရသည်။
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ရုံးခွဲ (မန္တလေး)မှ ကြီးမှူးကျင်းပမည့် " ဧရာဝတီ-ယန်ဇီ ရိုးရာယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော်"ကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ Mandalay Convention Centerတွင် နိုဝင်ဘာလ ၁ရက်နေ့မှ ၃ရက်ထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ဧရာဝတီ-ယန်ဇီရိုးရာယဉ်ကျေးမှုပွဲတော်သွားမည့်အကြောင်း အများပြည်သူသို့ အသိပေး ကြေညာ သည့်အခမ်းအနားနှင့်အတူ မန္တလေးတိုင်းဒေသကြီးလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း MRYEA၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ဗဟို) ရုံးခွဲ (မန္တလေး)နှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ရုံးခွဲ (မန္တလေး)တို့ နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်-မြန်မာချစ်ကြည်မှု ပိုမိုခိုင်မာစေရေး၊ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများတိုးမြှင့်ဖော်ဆောင်နိုင်ရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာမှ သံရုံးများနှင့် ကုမ္ပဏီများ၊ အသင်းအဖွဲ့များပါဝင်သည့် B2B Matching၊ စီးပွားရေးပညာရှင်များနှင့် Panel Discussion၊ MOU လက်မှတ်ရေးထိုးခြင်း အခမ်းအနားများအပါအဝင် မြန်မာ့ရိုးရာယဉ်ကျေးမှုသနပ်ခါး၊ လက်ဖက်နှင့်ချိတ်လုံ ချည်ပြိုင်ပွဲများ၊ တရုတ်ရိုးရာ တရုတ်စာလုံးအလှရေးနည်း၊ ရိုးရာစက္ကူညှပ်ခြင်းပညာ ဉာဏ်စမ်းပဟေဠိပြိုင် ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ရုံးခွဲ (မန္တလေး) ဥက္ကဌ ဦးကျော်မင်းအပါအဝင် အသင်းအဖွဲ့တာဝန်ရှိများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။















