တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယအကြိမ်ပုံမှန်အစည်းအဝေးများအား လာမည့် ဩဂုတ် ၁၀ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်က ဇူလိုင် ၁၇ ရက်က ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယအကြိမ်ပုံမှန်အစည်းအဝေးကို မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက် တနင်္လာနေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
"လာမယ့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ အဆို သုံးခု တင်သွင်းသွားဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပြီး မေးခွန်းက ငါးခုလောက် မေးမြန်းသွားဖို့ ပြင်ဆင်နေပါတယ်" ဟု ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၂) ကိုယ်စားလှယ် ဦးတင်ရီက ပြောကြားသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးအား ပြီးခဲ့သည့် မတ်လ ၂၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအား ဇွန်လ ၉ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကာ ယင်းလွှတ်တော်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက မေးခွန်း (၂၅ ) ခု မေးမြန်းခဲ့ပြီး အဆိုလေးခု တင်သွင်းခဲ့သည်။
ထို့အပြင် ကျင်းပပြီးခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ၊ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ စသည့် ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ၁၁ ဦး၊ မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ခုနစ်ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ပအိုဝ်းအမျိုးသားတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်တစ်ဦးစီနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးတို့ ရှိကြကြောင်း သိရသည်။















