ရုပ်သေးသဘင်ပညာရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍  မြန်မာ့ရုပ်သေးစကားဝိုင်း ပြုလုပ်

ရုပ်သေးသဘင်ပညာရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍  မြန်မာ့ရုပ်သေးစကားဝိုင်း ပြုလုပ်
Published 20 July 2026

မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာရပ်ဖြစ်သော ရုပ်သေးသဘင်ပညာ ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍  မြန်မာ့ရုပ်သေးစကားဝိုင်းကို ဇူလိုင် ၂၀ ရက်က  ရန်ကုန်မြို့ ဒဂုံမြို့နယ် တော်ဝင်လမ်းရှိ  Governor’s Residence တွင် ကျင်းပခဲ့သည်။

 “ဇာတ်သဘင်က တစ်အားကို တစ်ရှိန်ထိုး တိုးတက် အောင်မြင်နေတဲ့အခါကျတော့ ဆရာမတို့ ရုပ်သေးက မျက်နှာငယ်ရတာပေါ့နော်။ ရုပ်သေးက မျက်နှာငယ်ရပြီး ခေါင်းမဖော်နိုင်ဘူး ဖြစ်နေတယ်။ ရုပ်သေး ဆရာကြီး တွေလည်း ဆုံးပါးကွယ်လွန်သွားကြပြီ။ အသက်အကြီးဆုံးဆိုလို့ ဆရာမနဲ့ ဦးရွှေကြည် နှစ်ယောက်ပဲ ကျန်တော့ တယ်ဆိုတော့ အားငယ်တာပေါ့နော်။ အဲ့ကျတော့ ဆရာမရဲ့ တတိယအရွယ်မှာ ရုပ်သေးဥက္ကဋ္ဌနေရာကနေ  နောက်တစ်ဦးကို လွှဲပြောင်းမပေးခင်မှာ ဆရာမ တတ်နိုင်သမျှ လုပ်သွားချင်တဲ့ အနေအထားပါ။ တာဝန်ကေ သွားချင်တဲ့အခါမှာ ဆရာမဘာနဲ့ စရင် ကောင်းမလဲဆိုတဲ့အခါကျတော့ ရုပ်သေးစကားဝိုင်းလေးနဲ့  အခုလို မီဒီယာနဲ့ စလိုက်ရင် ရုပ်သေးကို "ေဩာ်... လူတွေ ေဩာ်... ဟုတ်သားပဲ၊ ရုပ်သေးဆိုတာ အမြင့်သဘင် ရုပ်သေးလည်း ရှိပါလား" ဆိုပြီး လူတွေ ပြန်သတိရလာမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ဆရာမ ဒီနေ့ပွဲလေးကို လုပ်ဖြစ်ခြင်း ဖြစ်ပါတယ်ရှင့် ” ဟု မြန်မာနိုင်ငံရုပ်သေးကော်မတီ ဥက္ကဌ ဒေါ်မမနိုင် ပြောကြားခဲ့သည်။

အဆိုပါ မြန်မာ့ရုပ်သေးစကားဝိုင်းတွင် ဒေါ်မမနိုင် ဥက္ကဌ (မြန်မာနိုင်ငံရုပ်သေးကော်မတီ)၊ ဦးအောင်စိုးဦး စာပေ၊ ရုပ်ရှင်နှင့် ဥပဒေပညာရှင်(နာယက- ရုပ်သေးကော်မတီ)၊ ဦးဟိန်းလတ် (အမျိုးသားစာပေဆုများရှင်) (နာယက- ရုပ်သေးကော်မတီ)၊ ဦးမြတ်စိုးလှိုင် ဒုတိယဥက္ကဌ (မြန်မာနိုင်ငံစာရေး ဆရာအသင်း-ဗဟို) (နာယက- ရုပ်သေး ကော်မတီ) နှင့် ဦးရဲထွဋ် (သန်လျင်မောင်ဝင်းဝါ)-ဌာနမှုး(ငြိမ်း)၊ သဘင်ပညာဌာန အမျိုးသားယဉ်ကျေးမှုနှင့်အနု ပညာတက္ကသိုလ်(ရန်ကုန်) တို့ ပညာရှင်များက ဆွေးနွေးခဲ့ကြသည်။

“ရှေးခေတ်တုန်းကတော့ သူက အစောပိုင်းကတော့ ရုပ်စုံလို့ ခေါ်ခဲ့ရင်းနဲ့ နောက်ပိုင်းကျတော့ စဉ့်ကူးမင်း လက်ထက်မှာ သူက ရှေးတုန်းက နန်းတော်တွင်းမှာ ကပြဖျော်ဖြေတဲ့အခါမှာ ရှင်ဘုရင်ရဲ့ အထက်အမြင့် ကနေပြီးတော့မှ လူကချေသည်ပေါ့နော်၊ လူကြီးသူမတွေကို အရိုအသေမဲ့ ဖြစ်မှာစိုးတဲ့ အတွက်ကြောင့်မို့လို့ စင်မြင့်ပေါ်မှာ မကစေဘဲနဲ့ မြေဝိုင်းအဖြစ်နဲ့ပဲ ကပြစေပြီးတော့ အဲ့ဒီအခါမှာ ဒီအခွင့် အရေးကို ရုပ်သေးရုပ် ကလေးတွေက စင်ပေါ်မှာ တက်ပြီး ကပြခွင့်ရတဲ့အတွက် "အမြင့်သဘင်" လို့  ခေါ်တွင်ခဲ့ တာ။ အဲ့တော့ နေရာအမြင့်လိုက် အနိမ့်အမြင့်ကို လိုက်ပြီးတော့မှ ရုပ်သေးကို "အမြင့်သဘင်"၊ ဇာတ်ကိုတော့ မြေဝိုင်းခေတ်ပဲ ရှိသေးတာမို့လို့ "အနိမ့်သဘင်" လို့ ခေါ်ခဲ့တာပေါ့လေ။ အဲ့ဒီကနေပြီးတော့ နောက်ပိုင်းကျတော့ ရုပ်သေးက တော့ လျှမ်းလျှမ်းတောက်လာတာ၊ ကုန်းဘောင်ခေတ်မှာတော့ တကယ့်ကို အထွတ်အထိပ် အအောင်မြင်ဆုံး ကာလပေါ့။ ဒါပေမဲ့ သီပေါမင်း ပါတော်မူသွားတဲ့အခါမှာ ရုပ်သေးက မှေးမှိန်သွားတဲ့အချိန်မှာ ဇာတ်သဘင်က မြေဝိုင်းကနေပြီးတော့မှ သူက ပြုပြင်မွမ်းမံမှုတွေနဲ့ ဇာတ်က တဖြည်းဖြည်းနဲ့ တိုးတက်လာ တဲ့အခါမှာ ရုပ်သေးက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်သွားတာ။ အမျိုးမျိုး ဒီကြားထဲမှာ နောက်ခေတ်ကာလတွေ ကျော်ဖြတ်လာခဲ့ပြီး ကြိုးစားကြပေမဲ့လို့လည်းပဲ ဒီနေ့အချိန်ထိ ရုပ်သေးရဲ့ အခြေအနေကတော့ အများမြင်တဲ့အတိုင်းပါပဲ၊ တအားကြီးတော့ မရှိဘူးပေါ့နော်။ တချို့နိုင်ငံတွေမှာတော့ ကမ္ဘာမှာလည်းပဲ ရုပ်သေးက ဒီလိုပဲ Dying Art ပေါ့နော်၊ တိမ်မြုပ်ပျောက်ကွယ်။ သို့သော်ငြားလည်းပဲ ကျွန်မတို့ မြန်မာနိုင်ငံက ပိုဆိုးပါတယ်။ ကျွန်မတို့ဆီမှာ လက်ချိုးရေလို့ ရတယ်၊ ရုပ်သေးသမား Puppeteer ဘယ်နှစ်ယောက် ရှိသလဲ၊ အခုဆို ရုပ်သေးဆရာကြီး ဘယ်နှစ်ယောက် ကျန်သလဲဆိုတာ လက်ချိုးရေလို့ ရတယ်။ ဟိုနိုင်ငံမှာ ပေါတယ်၊ ရုပ်သေးအဖွဲ့တွေလည်း ပေါတယ်၊ နောက် ဘာလို့လဲဆိုတော့ Puppeteer တွေလည်း ပေါတယ်၊ သူတို့ဆီမှာကတော့လေ ဟို အစုံစုံအလင်အလင်ပေါ့နော်၊ Organization တွေလည်း များတယ်ပေါ့နော်၊ အဲ့လိုမျိုး ထောက်ပံ့ Support ပေးတဲ့ ထောက်ပံ့ပေးတဲ့သူတွေ၊ အဖွဲ့အစည်းတွေလည်း များတဲ့အခါကျတော့ ဒီရုပ်သေး တိမ်မြုပ်နေတဲ့ ပညာဖြစ်သော်ငြားလည်းပဲ ကိုယ့်တို့ မြန်မာနိုင်ငံက နည်းနည်းပိုပြီးတော့ ဆိုးတဲ့အခြေအနေမှာ ရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်မက  အဲ့ဒါကို အားမလိုအားမရ ဖြစ်ပြီးတော့မှ အခုလို ကြိုးစားနေရခြင်း ဖြစ်ပါတယ်ရှင့် ” ဟု မြန်မာနိုင်ငံရုပ်သေးကော်မတီ ဥက္ကဌ ဒေါ်မမနိုင် က ပြောကြားသည်။­­

 

Most Read

Most Recent