ဘိုးဘွားပိုင်မြေ၊ ဂရန်မြေများနှင့်ပတ်သက်ပြီး စကားဝိုင်းပြုလုပ်ခဲ့ပြီး စျေးကွက်အတွင်း ဂရန်အတုများပြုလုပ်ကာ ရောင်းဝယ်နေခြင်းများရှိသဖြင့် သတိထားလုပ်ကိုင်ကြရန် မြန်မာနိုင်ငံအိမ်ခြံမြေအသင်း(ဗဟို) ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က အသိပေးပြောကြားသည်။
ဇူလိုင် ၁၈ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဟိုတယ်တွင် ဘိုးဘွားပိုင်မြေနှင့် ဂရန်မြေဆိုင်ရာ မြေယာဥပဒေများနှင့် ပတ်သက်ပြီး စကားဝိုင်းကို ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။
" ဂရန်ကိုအတုလုပ်ပြီး ရောင်းတာတွေလည်းရှိတယ်။ ဂရန်မြေတွေ ဘိုးဘွားမြေတွေဆိုရင်လည်း စည်ပင်ကပိုင်တယ်ဆို စည်ပင်မှာစစ်ပါ။ အိုးအိမ်ကပိုင်တယ်ဆိုရင်လည်း အိုးအိမ်မှာစစ်ပါ။ စစ်ခွင့်မပေးဘူးဆိုရင် ရောင်းမှာဝယ်မှားတွေ ဖြစ်တတ်တယ်။ ရောင်းမှားဝယ်မှား ဖြစ်လာပြီဆိုရင် ပြသာနာတွေ ရှုပ်ထွေးပါတယ်။ စည်ပင်မှာ သွားစစ်လို့ ကိုယ့်ဆီမှာရှိနေတဲ့ ဂရန်ကမှားနေတယ်ဆိုရင် အရောင်းအဝယ် ဆက်မလုပ်ဖို့ အသင်းသူ၊ အသင်းသားတွေကိုလည်း သေချာမှာကြားထားတယ်" ဟု ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောကြားသည်။
အဆိုပါ စကားဝိုင်းတွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) မှ ဒုတိယဥက္ကဋ္ဌ ဦးလူဟန်၊ မြန်မာအပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးအသင်း (ရန်ကုန်တိုင်း ဒေသကြီး) ဥက္ကဋ္ဌ ဦးကျူးခေါင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အငြိမ်းစားအရာရှိ ဦးနေထက်အောင်တို့က ဆွေးနွေးခဲ့ကြပြီး Moderator အဖြစ် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) မှ ဦးနေအောင်က ဆောင်ရွက်ခဲ့သည်။
အိမ်ခြံမြေစျေးကွက်အတွင်း ဘိုးဘွားပိုင်မြေနှင့် ပတ်သက်ပြီး အမွေဆက်ခံပိုင်ခွင့် အကြောင်းအရာများ၊ ဂရန်မြေနှင့်ပတ်သက်သည့် အကြောင်းအရာများကို စကားဝိုင်းတွင် ပါဝင်သူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
" စကားဝိုင်းတွေကို လုပ်ရတာက စျေးကွက်ထဲမှာ ရောင်းမှားဝယ်မှား မဖြစ်အောင်၊ အချက်အလက်တွေ သိထားရအောင် လုပ်ပေးတာပါ။ တချို့တွေလည်း ဝယ်ရောင်းလုပ်တာတွေရှိတယ်။ တချို့တွေလည်း ကိုယ်ပိုင်ငွေလေးနဲ့ ခြစ်ခြုပ်ပြီး ဝယ်ကြရတာ ရှိတယ်။ ရောင်းမှားဝယ်မှားဖြစ်သွားရင် ကိုယ့်ပိုက်ဆံပဲ ဆုံးရှုံးသွားမှာပေါ့။ အဲ့ဒါတွေကို အဓိက အချက်ကတော့ ဘာလုပ်ရမလဲဆို အိုးအိမ်တို့ စည်ပင်တို့က စစ်ခွင့်ပြုပါ။ စစ်ခွင့်ပြုတယ်ဆိုရင် ရောင်းမှားဝယ်မှားတွေ တော်တော်နည်းသွားလိမ့်မယ်" ဟု ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောကြားသည်။
အိမ်ခြံမြေစျေးကွက်အတွင်း ရောင်းမှားဝယ်မှား မဖြစ်စေရန် အိမ်ခြံမြေနှင့် ပတ်သက်သည့် စကားဝိုင်းများကို မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)က လစဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။















