■ နေပြည်တော်တွင် မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်ခန်း (MYANMAR- RUSSIA JOINT EXERCISE (TIGER-2026)) ဆောင်ရွက်

■ နေပြည်တော်တွင် မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်ခန်း (MYANMAR- RUSSIA JOINT EXERCISE (TIGER-2026)) ဆောင်ရွက်
Published 18 July 2026

စစ်မြေပြင်ဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးအတွက် လေ့ကျင့်ဆောင်ရွက်သည့် မြန်မာ - ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်ခန်း MYANMAR-RUSSIA JOINT EXERCISE (TIGER-2026) ကို ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၊ လေ့ကျင့်ရေးနယ်မြေ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ-ရုရှား ပူးပေါင်းတပ်ဖွဲ့များ စုပေါင်းလေ့ကျင့်ခန်းတွင် Drone အဖွဲ့က ရန်သူ့နယ်မြေအတွင်း ကင်းထောက် Drone ဖြင့် ကင်းထောက်ခြင်း၊ စီးနင်းတိုက်ခိုက်ရေးအဖွဲ့များက ရဟတ်ယာဉ်ဖြင့် ယာဉ်ဆင်းရပ်သို့ ဆင်းသက်ခြင်း၊ Sniper အဖွဲ့က ရန်သူ့အဖွဲ့ငယ်နေရာများအား စနိုက်ပါဖြင့် ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထို့ပြင် FPV၊ Heavy Drone တို့ဖြင့် ကြိုတင်ချေမှုန်းခြင်း၊ တိုက်စစ်စီမံချက်ပါအတိုင်း လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ခြင်း၊ ရည်မှန်းချက်အသီးသီးသို့ တိုက်ပွဲလုပ်ငန်းအဆင့်အလိုက် ထိုးဖောက်ဝင်ရောက်၍ ရန်သူကို ချေမှုန်းတိုက်ခိုက်ပြီး ရည်မှန်းချက်အသီးသီးကို သိမ်းပိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တက်ရောက်လာကြသူများသည် မြန်မာ - ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်ခန်း MYANMAR RUSSIA JOINT EXERCISE (TIGER 2026) လေ့ကျင့်ခန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်လေ့ကျင့်ဆောင်ရွက်ခဲ့မှု Video Click အား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

ထို့နောက် လေ့ကျင့်ခန်း အောင်မြင်စွာဆောင်ရွက်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် Quadcopter Drone နှစ်စီးဖြင့် မြန်မာနှင့် ရုရှား နှစ်နိုင်ငံအလံများ ချိတ်ဆွဲ၍ သယ်ဆောင်ပျံသန်းချီတက်ကြကြောင်း သိရသည်။

အဆိုပါ မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်ခြင်းကို ဇူလိုင် ၆ ရက်မှစတင်၍ ဥတ္တရသီရိတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၊ အထူးတပ်ဖွဲလေ့ကျင့်ရေးကွင်း၌ မြန်မာတပ်ဖွဲ့ဝင်များနှင့် ရုရှားတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အင်ဂျင်နီယာ၊ ဒရုန်း၊ စနိုက်ပါ၊ ဆေး၊ ဆက်သွယ်ရေး၊ တောတွင်းစစ်ဆင်ရေး၊ တောင်ပေါ်စစ်ဆင်ရေး စသည့် ဘာသာရပ်များနှင့် စစ်မြေပြင်အတွေ့အကြုံများကို ရုရှားနည်းပြများနှင့် မြန်မာနည်းပြများက စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဇူလိုင် ၁၇ ရက်တွင် လက်တွေ့သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MYANMAR RUSSIA JOINT EXERCISE (TIGER 2026) နှင့် ပတ်သက်၍ ရုရှားတပ်မတော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး NOSULEV Mikhail Yakovlevich က မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်မှုများသည် ရှေ့ဆက်၍လည်း ပိုမိုခိုင်မာလာမည်ဖြစ်သကဲ့သို့ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် မိတ်ဖက်အဖြစ် ဆောင်ရွက်မှုများနှင့် မိမိတို့နိုင်ငံများကြား ဆက်ဆံရေးပိုမိုတိုးတက်ရန် အခွင့်အလမ်းသစ်များကို ဖော်ဆောင်ပေးနိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း၊ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်ကြီးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ဒုတိယဗိုလ်ချုပ်ကြီး NOSULEV Mikhail Yakovlevich က ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် လေ့ကျင့်ခန်းသည် မြန်မာ့တပ်မတော်အထူးတပ်ဖွဲ့နှင့် ရုရှားတပ်ဖွဲ့များ ပူးပေါင်းပြီး ရန်သူ့လှုပ်ရှားနယ်မြေအတွင်း အခိုင်အမာခြေကုပ်ယူထားသော အချက်အခြာကျသည့် ရန်သူ့တောင်ကုန်းကို တိုက်ခိုက်ချေမှုန်းသည့် တပ်ပါတိုက်စစ်လေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်း၊ ရန်သူအခြေပြုထားသည့် ပင်မတောင်ကုန်းနှင့် ရန်သူများ ဖြန့်ခွဲတည်ရှိသော နေရာများကို UAV၊ Drone၊ Sniper များ အသုံးပြုပြီး အထူးတပ်ဖွဲ့များဖြင့် ချေမှုန်းတိုက်ခိုက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။

လေ့ကျင့်ခန်းတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးပစ္စည်းစက်ရုံများမှ ထုတ်လုပ်သည့် စစ်လက်နက်ပစ္စည်းများနှင့် ရုရှားတပ်မတော်က လက်ရှိအသုံးပြုလျက်ရှိသည့် နည်းပညာမြင့်မားသည့် စစ်လက်နက်ပစ္စည်းများကို ပေါင်းစပ်ပြီး အသုံးပြုတိုက်ခိုက်ကြသည်ကို တွေ့မြင်ရသည့်အတွက် လေ့ကျင့်ခန်းတွင် ကိုယ်တိုင်ပါဝင်လေ့ကျင့်သည့် တပ်ဖွဲ့ဝင်များနှင့် မိမိတို့ ကြည့်ရှုလေ့လာသူများအတွက် များစွာအကျိုးရှိစေကြောင်း၊ ထို့အပြင် မိမိတို့၏ အထူးတပ်ဖွဲ့ဝင်များနှင့် ရုရှားတပ်ဖွဲ့များအားလုံး စစ်မြေပြင်တွင် ရဲဘော်ရဲဘက်စိတ်ပြည့်ဝစွာဖြင့် ဟန်ချက်ညီစွာ လှုပ်ရှားတိုက်ပွဲဝင်နေသည့် ပုံရိပ်ကိုလည်း တွေ့မြင်ခံစားရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ဆင်ရေးနယ်မြေအတွင်းမှ ဒဏ်ရာရရှိသူ တပ်ဖွဲ့ဝင်များကိုလည်း ရန်သူ့ပစ်ခတ်မှုအောက် အန္တရာယ်ရှိသည့် တိုက်ပွဲနယ်မြေအတွင်းမှ ကယ်ထုတ်ရန်အတွက် မောင်းသူမဲ့ Robotic သူနာတင်ယာဉ်ဖြင့် အချိန်မဆိုင်းဘဲ လျင်မြန်စွာလှုပ်ရှား၍ ရွှေ့ပြောင်းသယ်ယူဆောင်ရွက်ပုံကိုလည်း လေ့လာတွေ့မြင်ရကြောင်၊ အလားတူ ယနေ့ခေတ်သစ်စစ်ပွဲတစ်ခု၏ အသွင်သဏ္ဍန်ဖြစ်သည့် မျက်မှောက်ခေတ်စစ်မြေပြင်တွင် ရန်သူထိခိုက်ကျဆုံးမှုများပြားအောင် ထိရောက်စွာချေမှုန်းနိုင်သည့် Drone၊ FPV များ၏ စွမ်းဆောင်ရည်နှင့် အသုံးပြုတိုက်ပွဲဝင်ပုံကိုလည်း လေ့လာကြည့်ရှုခွင့်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

MYANMAR-RUSSIA JOINT EXERCISE (TIGER-2026) လေ့ကျင့်ခန်းသည် မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်ကြည်းတပ်များအကြား ပထမဆုံးအကြိမ် ပူးတွဲလေ့ကျင့်ခန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ခန်းတွင် အသုံးပြုရန် ရုရှားနိုင်ငံက ယူဆောင်လာသည့် စစ်လက်နက်ပစ္စည်းများကို လက်တွေ့ကိုင်တွယ်လေ့ကျင့်အသုံးပြုခွင့်ရရှိခဲ့ခြင်းကလည်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားတွင်ရှိသည့် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုပြီးနက်ရှိုင်းစေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့သည် အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် တပ်ဖွဲ့များအတွက် သစ်သီးခြင်းများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလေ့ကျင့်ခန်းသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး ရုရှားတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး NOSULEV Mikhail Yakovlevich ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent