■ မိဘအမွေလည်း မရ၊ ထီလည်း မပေါက်၊ လက်ထပ်ပွားလည်း မရှိဘဲ ရရှိသည့်လစာနှင့် သုံးစွဲမှု၊ ပိုင်ဆိုင်မှုပုံစံ မညီမျှခြင်းများအား ကြပ်မတ်ရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

■ မိဘအမွေလည်း မရ၊ ထီလည်း မပေါက်၊ လက်ထပ်ပွားလည်း မရှိဘဲ ရရှိသည့်လစာနှင့် သုံးစွဲမှု၊ ပိုင်ဆိုင်မှုပုံစံ မညီမျှခြင်းများအား ကြပ်မတ်ရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 15 July 2026

■ သင်္ကာမကင်းဖြစ်ရုံ၊ နာမည်ကျော်စောရုံဖြင့် စစ်ဆေးခွင့်ရှိပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပိုမိုအဆင်ပြေထိရောက်လိမ့်မည်ဟု ဆို 

မိဘအမွေလည်း မရ၊ ထီလည်း မပေါက်၊ လက်ထပ်ပွားလည်း မရှိဘဲ ရရှိသည့်လစာနှင့် သုံးစွဲမှု၊ ပိုင်ဆိုင်မှုပုံစံ မညီမျှခြင်းများအား ကြပ်မတ်ရန် ဇူလိုင် ၁၃ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော်  ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးပြည့်ဖြိုးစံက ဆွေးနွေးသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်စနစ်နှင့် အဂတိတိုက်ဖျက်ရေးကို ထိရောက်သော အစီအမံများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၂) ဒေါ်စိုးစိုးမြင့်က အမျိုးသားလွှတ်တော်တွင် တင်သွင်းထားပြီး ယင်းအဆိုနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးပြည့်ဖြိုးစံက ထိုသို့ ထည့်သွင်းဆွေးနွေးခြင်းဖြစ်သည်။

နိုင်ငံတကာ အဂတိလိုက်စားမှုစောင့်ကြည့်ရေးအဖွဲ့ဖြစ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် အဂတိကင်းရှင်းရေးညွှန်းကိန်း (CPI) အမှတ် ၁၀၀ ပေးထားသည့်အနက် ၁၆ မှတ်ရပြီး နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် အဆင့် ၁၆၉ အထိ နောက်ကျကျန်နေခဲ့သည်ကို တွေ့ရှိရသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးစံက ၎င်း၏ ဆွေးနွေးချက်တွင် ထည့်သွင်းပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အလွန်ဆိုးဝါးနေသည့်အခြေအနေဟု ယူဆ၍ရကြောင်း ၎င်းက ဆိုသည်။

“အဂတိလို့ ပြောတဲ့အခါ လူအများစုက လာဘ်ငွေလက်ခံရယူမှသာ အဂတိမြောက်တယ်လို့ ယေဘုယျ နားလည်ထားကြပါတယ်။ တကယ်တော့ အဂတိဟာ လာဘ်စားတာတစ်ခုတည်း မဟုတ်ပါဘူး။ ရာထူးတာဝန်အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး မိမိကိုယ်ကျိုး၊ မိမိအသိုင်းအဝိုင်း ကောင်းစားရေးအတွက် လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ နိုင်ငံတော်ပိုင်ဘဏ္ဍာငွေ၊ အချိန်နဲ့ ပစ္စည်းကိရိယာတွေိ့ု အသုံးပြုကာ အကျိုးစီးပွား ပဋိပက္ခဖြစ်ပေါ်စေတာတွေ အားလုံးဟာ အဂတိတရားတွေပဲဖြစ်ပါတယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးစံက ပြောကြားသည်။

ကမ္ဘာပေါ်တွင် အဂတိတရားကို ထိရောက်စွာ နှိမ်နင်းပြီး ဖွံ့ဖြိုးတိုးတက်သွားသည့်နိုင်ငံများ ရှိကြပြီး ယင်းနိုင်ငံများ၏ တူညီချက်များကို လေ့လာကြည့်ပါက တင်းကြပ်ပြတ်သားသည့် တရားဥပဒေစိုးမိုးမှုရှိခြင်း၊ ဝန်ထန်းများကို လူမှုစီးပွားဖူလုံအောင် ထောက်ပံ့ပေးထားခြင်း၊ စုံစမ်းစစ်ဆေးမည့် အဖွဲ့စည်းများကို အမှီအခိုကင်းကင်း လွတ်လပ်ခွင့်ပေးထားခြင်းနှင့် လုပ်ငန်းစဉ်များကို ဒီဂျစ်တယ်စနစ်ဖြင့် ရိုးရှင်းအောင် လုပ်ဆောင်ထားခြင်းတို့ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးစံက ပြောကြားသည်။ 

အဂတိတရားကို ထိထိရောက်ရောက် ကိုင်တွယ်သည့်နိုင်ငံတိုင်း ဝန်ထမ်းလစာကို မြှင့်တင်ပေးရုံသာမက ကျန်းမာရေး၊ အခြားခံစားခွင့်နှင့် ပင်စင်အထိ တိုးမြှင့်ပေးပြီးမှ လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းတွေကို လူမှုစီးပွားဖူလုံစေမည့် လစာပေးရမယ့်အပြင် သန့်ရှင်းစွာဖြင့် အခွန်ရည်မှန်းချက်ပြည့်မီအောင် ရှာဖွေပေးနိုင်သည့် ဝန်ထမ်းများကို အပိုဆောင်ချီးမြှင့်ငွေပေးသည့်စနစ် ထည့်သွင်းပေးနိုင်ပါက ပိုကောင်းလိမ့်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးစံက ဆွေးနွေးသုံးသပ်သည်။

အဆိုပါ အစီအစဉ်မှာ ရေရှည်သွားရမယ့်အစီအစဉ်ဖြစ်၍ လတ်တလော  ရေတိုအနေဖြင့် ဝန်ထမ်းသက်သာချောင်ချိရေးနစ် ဆောင်ရွက်ပေးသင့်ကြောင်း၊ ဥပမာ သက်သာရိက္ခာ ရောင်းချပေးခြင်း၊ တစ်လလျှင် ဖုန်းဘေလ်မိနစ် သတ်မှတ်ထောက်ပံ့ပေးခြင်း၊ သွားလာစရိတ် ထောက်ပံ့ပေးခြင်း၊ မီတာယူနစ် သတ်မှတ်ပေးဆောင်ခြင်း၊ ရာထူးအလိုက် သယ်ယူပို့ဆောင်ရေးယာဉ် ကား၊ ဆိုင်ကယ် ပါမစ်ထုတ်ပေးခြင်းမျိုးများက ပိုမိုအဆင်ပြေလိမ့်မည်ဟု ၎င်းက ဆွေးနွေးသုံးသပ်သည်။ 

ထိုကဲ့သို့ အထောက်အပံ့များ ပေးမှသာ ဝန်ထမ်းများအနေဖြင့် အဂတိတရား၏ ဆွဲဆောင်မှုကို အထိုက်အလျောက် ကာကွယ်ပြီးဖြစ်ကြောင်း၊ တစ်ဖက်ကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို လုပ်ပိုင်ခွင့် အပြည့်အဝပေးသင့်ပြီး ထိထိရောက်ရောက် ကိုင်တွယ်စေသင့်ကြောင်း၊ သတင်းပေးသူများ၏ ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်ပေးမှုကလည်း အလွန်အရေးကြီးကြောင်း ၎င်းက ဆွေးနွေးသုံးသပ်သည်။

“မိဘအမွေလည်း မရ၊ ထီလည်း မပေါက်၊ လက်ထပ်ပွားလည်း မရှိပါဘဲ ရရှိတဲ့လစာနဲ့ သုံးစွဲမှု၊ ပိုင်ဆိုင်မှုပုံစံ မညီမျှတာတွေကို ကြပ်မတ်ရပါလိမ့်မယ်။ သင်္ကာမကင်းဖြစ်ရုံ၊ နာမည်ကျော်စောရုံနဲ့ စစ်ဆေးခွင့်ရှိပါက ပိုမိုအဆင်ပြေထိရောက်ပါလိမ့်မယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးစံက ပြောကြားသည်။

အခြေခံအားဖြင့် အထက်မှစ၍ တပြေးညီ တာဝန်ခံမှုရှိရန်၊ အင်စတီကျူးရှင်းလွတ်လပ်မှု၊ အဂတိတိုက်ဖျက်ရေး၊ တရားစီရင်ရေးနှင့် မီဒီယာများ လွတ်လပ်ရန်၊ ဝန်ထမ်းများ လုံလောက်သည့်လစာ ရရှိရေးအတွက် အရည်အချင်းအခြေပြု ဝန်ထမ်းခန့်အပ်မှုနှင့် ဝန်ထမ်းကျင့်ဝတ် သင်တန်းများ ပေးရန်၊ e-Government စနစ်ဖြင့် လူသားထိတွေ့မှု လျော့ချရန် အဆိုပါ အချက်များအား ဟန်ချက်ညီ ထိန်းကွပ်မှသာ အဂတိလိုက်စားမှု မှေးမှန်သွားမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးစံက ပြောကြားသည်။

ထို့အပြင် အခွန်ထမ်းဆောင်ခြင်းသည် နိုင်ငံတော်၏အကျိုးကို သယ်ပိုးခြင်းဖြစ်သည်ဟု ပြည်သူလူထုတစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်စေရန် လိုအပ်ကြောင်း၊ အခွန်ဆောင်သည့်အရာမှာ လွယ်ကူမြန်ဆန်စေပြီး အခွန်ရှောင်များကို ဖော်ထုတ်အရေးယူခြင်း၊ စံပြအခွန်ထမ်းကုမ္ပဏီများကို ကြော်ငြာဂုဏ်ပြု၍ စီးပွားရေးအခွင့်အရေးတချို့ပေးခြင်း၊ သတင်းပေးသူကို ကာကွယ်ပြီး ရရှိသည့်အခွန်နှင့် ရာနှုန်းအလိုက် ဆုကြေးချီးမြှင့်ခြင်းများကိုပါ တွဲဖက်၍ အဆင့်လိုက် လုပ်ဆောင်သွားရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးစံက တိုက်တွန်းပြောကြားသည်။ 

 

Most Read

Most Recent