လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေးအတွက် "မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ" ပြဋ္ဌာန်းပေးရန် MYDA က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ အဆိုပြု တင်ပြ

လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေးအတွက် "မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ" ပြဋ္ဌာန်းပေးရန် MYDA က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ အဆိုပြု တင်ပြ
Published 15 July 2026

​လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေးအတွက် "မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ" ပြဋ္ဌာန်းပေးရန် MYDA က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ အဆိုပြု တင်ပြခဲ့ကြောင်း မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) မှ သတင်းရရှိပါသည်။

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) (ဗဟို)၏ ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ၊ အကြီးတန်းအကြံပေး ဦးစည်သူ၊ အတွင်းရေးမှူး ဒေါ်ကြည်စင်ရွှေ၊ ဘဏ္ဍာရေးမှူး ဒေါ်ခင်နှင်းထက်အောင်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဟန်ထွန်းဦး၊ ဦးဉာဏ်ထိန်လင်း၊ ဦး‌အောင်ဆန်းဝင်းနှင့် ဦးကိုကိုအောင် တို့သည် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ၊ ဒုတိယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ လွှတ်တော်အစည်းအဝေး ကျင်းပ‌နေပုံများကိုသွားရာက်လေ့လာခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီမှ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ဗဟို မှ အလုပ်အမှုဆောင်များနှင့် သတင်းအဖွဲ့ဝင်များအား ပြည်သူ့လွှတ်တော် (C) ဆောင် ၊ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံကာ ပြည်သူ့လွှတ်တော်၏ လုပ်ငန်းဆောင်တာများနှင့် ဥပဒေပြုရေးဆိုင်ရာ သိကောင်းစရာများကို အကျယ်တဝင့် သေချာစွာရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ဗဟို၏ ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်မှ ဆွေးနွေးရာတွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့် နောင်လာမည့်အနာဂတ်တွင်လည်း နိုင်ငံတော်နှင့် လူငယ်ထုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်အသင့်ရှိပါကြောင်းနှင့် လွှတ်တော်သို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ပြည်နယ်နှင့်တိုင်းအသီးသီးမှ လူငယ် အသင်းဝင်များ လာရောက်လေ့လာနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဘက်စုံလွှမ်းခြုံစွာ အကောင်အထည်ဖော်နိုင်မည့် ဥပဒေမူဘောင်တစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အဆိုပြုတင်ပြလိုသည့် “မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (Myanmar Youth Development Law)” နှင့်စပ်လျဉ်း၍ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) မှ တင်ပြဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လူငယ်ရေးရာကော်မတီများ နှင့် လူငယ်ရေးရာဝန်ကြီးဌာန တို့ကို ဖွဲ့စည်းထားပြီး လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကို ဥပဒေအရ အာမခံပေးနိုင်မည့် သီးသန့်ပြဋ္ဌာန်းထားသော မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ တစ်ရပ် လိုအပ်နေဆဲဖြစ်ကြောင်း အလေးထားတင်ပြခဲ့သည်။

အဆိုပြုတင်ပြလိုသည့် ယင်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းသင့်သည့် အချက်များအဖြစ် လူငယ်များအား နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ ချမှတ်ရေးနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များတွင် အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်နိုင်စေရေး၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းများကို ပံ့ပိုးနိုင်ရန် အမျိုးသားလူငယ်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ တည်ထောင်ပေးရေး၊ ပညာရေး၊ ခေါင်းဆောင်မှု၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်မြောက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် Artificial Intelligence (AI) ဆိုင်ရာ ကျွမ်းကျင်မှုများ မြှင့်တင်ရေး၊ လူငယ်နှင့် ငြိမ်းချမ်းရေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာ ညှိနှိုင်းအကောင်အထည်ဖော်နိုင်မည့် ရေရှည်တည်တံ့သော မူဘောင်တစ်ရပ် တည်ဆောက်ရေးတို့ကို အကြံပြုတင်ပြခဲ့သည်။

ထို့ပြင် MYDA အနေဖြင့် နိုင်ငံတစ်ဝန်းရှိ လူငယ်များ၏ အမြင်နှင့် အကြံပြုချက်များကို စုစည်းတင်ပြခြင်း၊ အာဆီယံနိုင်ငံများ၏ လူငယ်ဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို လေ့လာသုတေသနပြုခြင်း၊ နှိုင်းယှဉ်မူဝါဒဆိုင်ရာ သုတေသနစာတမ်းများ ပြုစုတင်ပြခြင်း၊ တက္ကသိုလ်များနှင့် လူငယ်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်း၊ ပြည်သူလူထုအတွင်း ဥပဒေဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြင့် ဥပဒေပြုရေးလုပ်ငန်းစဉ်ကို အပြည့်အဝ ပူးပေါင်းကူညီပံ့ပိုးသွားရန် အသင့်ရှိကြောင်းလည်း တင်ပြခဲ့သည်။

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ပါက မြန်မာလူငယ်များအား အနာဂတ်ခေါင်းဆောင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တီထွင်ဆန်းသစ်သူများနှင့် တာဝန်သိနိုင်ငံသားများအဖြစ် စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေမည့် အမျိုးသားအဆင့် ရေရှည်မူဘောင်တစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ပြီး၊ နိုင်ငံတော်၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ၏ အဓိပ္ပာယ်ပြည့်ဝသော ပါဝင်ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဟု မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)က ယုံကြည်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေး ဂါရဝပြုပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ၊ ပြည်သူ့လွှတ်တော်မှ တာဝန်ရှိသူများ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ၊ အကြီးတန်းအကြံပေး ဦးစည်သူ ၊အတွင်းရေးမှူး ဒေါ်ကြည်စင်ရွှေနှင့်ဗဟိုအလုပ်အမှုဆောင်များ၊ မီဒီယာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Most Read

Most Recent