နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လအစောပိုင်းတွင် ထိုင်းသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း အာဆီယံသတင်းမြစ်များက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်သည် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အနေဖြင့် ဧပြီလတွင် သမ္မတရာထူးကို ရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယအကြိမ်မြောက် သွားရောက်သည့် ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ်အဖြစ် ယခုလအစောပိုင်းတွင် လာအိုနိုင်ငံသို့ သွားရောက်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် မြန်မာနိုင်ငံကို အာဆီယံထိပ်သီးအစည်းအဝေးများမှ ချန်လှပ်ထားခဲ့ပြီးနောက် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်း အပြည့်အဝ ပြန်လည်ပူးပေါင်းပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်ပေးနေသည့် အဓိက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး အသေးစိတ် အချိန်ဇယားကိုမူ သတင်းရင်းမြစ်များက ပြောကြားခြင်းမရှိသေးပေ။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယခုခရီးစဉ်မတိုင်မီ ၂၀၂၅ ခုနှစ် ဧပြီလက ထိုင်းနိုင်ငံသို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (BIMSTEC) ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။
ပုံစာ- ဧပြီ ၂၂ ရက်က နေပြည်တော်သို့ ရောက်ရှိလာသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်သမ္မတဦးမင်အောင်လှိုင် လက်ဆွဲနှုတ်ဆက်နေစဉ် (Bangkok Post)















