ဟေတီနိုင်ငံတွင် အသစ်ဖွဲ့စည်းထားသော အပြည်ပြည်ဆိုင်ရာ ဒုစရိုက်ဂိုဏ်းနှိမ်နင်းရေးတပ်ဖွဲ့(GSF) သို့ သီရိလင်္ကာနိုင်ငံမှ စစ်ကူတပ်ဖွဲ့တစ်ဖွဲ့ လာရောက်ပူးပေါင်းခဲ့ကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု အဆိုပါအဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်။
"စစ်ကူတပ်ဖွဲ့ဟာ ဇူလိုင် ၉ ရက်နေ့ညက ပို့တ်အော်ပရင့်စ် မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ စစ်ဆင်ရေးဆိုင်ရာ လုံခြုံရေးအကြောင်းပြချက်တွေကြောင့် ပါဝင်တဲ့ အင်အားအရေအတွက်ကိုတော့ ထုတ်ဖော်ပြောကြားမှာ မဟုတ်ပါဘူး" ဟု ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
ရဲအရာရှိများနှင့် စစ်သားများအပါအဝင် ယူနီဖောင်းဝတ်အင်အား ၅၅၀၀ နှင့် အရပ်သားဝန်ထမ်း ၅၀ အထိ ပါဝင်ဖွဲ့စည်းသွားမည့် ယခုတပ်ဖွဲ့၏ အင်အားဖြည့်တင်းမှု အစီအစဉ်အရ လာမည့်သီတင်းပတ်များအတွင်း စစ်ကူအသစ်များ ထပ်မံရောက်ရှိလာရန် မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။
ယခုတပ်ဖွဲ့၏ တာဝန်မှာ ဟေတီမြို့တော်၏ နယ်မြေအများစုနှင့် နိုင်ငံ၏ အဓိကလမ်းမကြီးအချို့ကို ထိန်းချုပ်ထားသည့် လက်နက်ကိုင်ဂိုဏ်းများကို နှိမ်နင်းရာတွင် ဟေတီအမျိုးသားရဲတပ်ဖွဲ့အား ကူညီပံ့ပိုးပေးရန် ဖြစ်သည်။
၎င်းအပြင် မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံများကို အကာအကွယ်ပေးရန်၊ ပြည်သူ့လုံခြုံရေး ပြန်လည်ကောင်းမွန်လာစေရန်အတွက် ကူညီပေးရန်နှင့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် လိုအပ်သော အခြေအနေများကို ဖန်တီးပေးရန်လည်း တာဝန်ပေးအပ်ထားသည်။
အမေရိကတိုက်တွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည့် ဟေတီနိုင်ငံသည် အင်အားကြီးမားသော ဂိုဏ်းများက လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုနှင့် ပြန်ပေးဆွဲမှုများကို ရမ်းကားစွာ ကျူးလွန်နေကြသဖြင့် နှစ်ပေါင်းများစွာတိုင်အောင် မတည်ငြိမ်မှုဒဏ်ကို ခံစားနေရသည်။
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ဂိုဏ်းဂဏအကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၂၃၀၀ သေဆုံးပြီး ၁၁၀၀ ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်ကာ တာ့ခ်က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့ကာ ယခုတပ်ဖွဲ့အသစ်ကို အရေးတကြီး လိုအပ်နေသည် ဟု ဆိုခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြီးခဲ့သည့်နှစ်တွင် ကြေညာခဲ့သည့် အဆိုပါ GSF တပ်ဖွဲ့သည် အသုံးအဆောင်ပစ္စည်းနှင့် ရန်ပုံငွေ မလုံလောက်မှုဒဏ် ခံနေရသည့် နိုင်ငံစုံလုံခြုံရေး ပံ့ပိုးကူညီမှု မစ်ရှင် (MSS) ၏ နေရာတွင် တဖြည်းဖြည်း အစားထိုး ဝင်ရောက်မည် ဖြစ်သည်။
GSF တပ်ဖွဲ့သည် ပိုမိုအားကောင်းတောင့်တင်းရန် ရည်ရွယ်ထားသော်လည်း လက်ရှိအချိန်အထိ ချဒ်၊ မွန်ဂိုလီးယား၊ ဂျမေကာ၊ ဂွာတီမာလာနှင့် အယ်လ်ဆာဗေဒိုနိုင်ငံတို့မှ အင်အား ၁၀၀၀ အောက်သာ ရှိပါသေးသည်။
ယခုအခါ ပါဝင်ပံ့ပိုးသည့် နိုင်ငံအရေအတွက်မှာ ခြောက်နိုင်ငံ ရှိလာပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး ယခုတပ်ဖွဲ့အနေဖြင့် ၎င်း၏ စွမ်းဆောင်ရည်များကို ဆက်လက်တိုးချဲ့နေသည် ဟု ထပ်လောင်းပြောဆိုခဲ့သည်။
ဇူလိုင် ၈ ရက်က ပို့တ်အော်ပရင့်စ်မြို့၏ တောင်ဘက် ၂၀ ကီလိုမီတာခန့်အကွာရှိ ကန်စကော့ဖ်မြို့ငယ်လေးအပေါ် တိုက်ခိုက်မှုတစ်ခုကြောင့် ဒေသခံအများအပြား သေဆုံးခဲ့ပြီး နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည် ဟု အဆိုပါမြို့၏ မြို့တော်ဝန် ဂျင်းန် မာဆီလွန် က ဇူလိုင် ၉ ရက်တွင် ဒေသတွင်း ရေဒီယိုအသံလွှင့်ဌာနတစ်ခုသို့ ပြောကြားခဲ့သည်။
ဟေတီနိုင်ငံသည် လုံခြုံရေး အားနည်းမှုကြောင့် ၂၀၁၆ ခုနှစ်နောက်ပိုင်းကတည်းက ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်း မရှိသေးပေ။
ဟေတီနိုင်ငံအတွက် ဒေါ်လာ ၈၈၀ သန်း သတ်မှတ်ထားသည့် ကုလသမဂ္ဂ၏ ၂၀၂၆ ခုနှစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုအစီအစဉ်မှာ လိုအပ်သည့် ရန်ပုံငွေ၏ လေးပုံတစ်ပုံအောက်သာ ရရှိထားသည်။
ဇွန်လအတွင်း ဟေတီနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ဟေတီနိုင်ငံ၏ အခြေအနေကို "မျက်ကွယ်ပြုထားတဲ့ ကမ္ဘာကြီးရဲ့ လျစ်လျူရှုမှု"ဟု ပြောကြားခဲ့ကာ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့သည်။
Ref:AFP
Photo:AFP















