တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသသို့ မေဆတ်တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်လာသဖြင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက ဇူလိုင် ၆ ရက်တွင် ရေကြီးမှုသတိပေးချက်အဆင့်ကို တိုးမြှင့်သတ်မှတ်ခဲ့သည်။
ကွမ်ရှီးဒေသ၏ မြို့တော်နန်နင်းတွင် ရေကာတာများ ကျိုးပေါက်လာသည့်အတွက် အာဏာပိုင်များက ရေဘေးကာကွယ်ရေး အရေးပေါ်တုံ့ပြန်မှုကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်ခဲ့ရသည်။
နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြခဲ့သည့် ရုပ်သံမှတ်တမ်းများအရ လျိုလန်ရေလှောင်ကန်မှ ရေကာတာတစ်ခု ကျိုးပေါက်သွားပြီးနောက် ရွှံ့နွံများရောနှောနေသောရေများ အနီးအနားရှိ အဆောက်အအုံများဘက်သို့ စီးဝင်နေသည်ကို မြင်တွေ့ရသည်။
လျိုလန်ရေလှောင်ကန်အပြင် နောက်ရေလှောင်ကန်နှစ်ခုတွင်လည်း ရေကာတာကျိုးပေါက်မှုနှင့် ရေကျော်မှုများ ဖြစ်ပွားခဲ့ကြောင်း နန်နင်းမြို့အာဏာပိုင်များက တရားဝင် WeChat စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ထို့ပြင် ကွမ်ရှီးဒေသအတွင်းရှိ ဖန်းချန်းကန်မြို့တွင်လည်း ရေကြီးမှုဆိုးရွားခဲ့သဖြင့် ဒေသခံ ၈၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
မေဆတ်မုန်တိုင်းသည် တရုတ်ပြည်မကြီးသို့ ဝင်ရောက်ပြီးနောက် အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့လာသော်လည်း လာမည့်ရက်များအတွင်း ကွမ်ရှီးဒေသနှင့် နိုင်ငံတောင်ပိုင်းဒေသတို့တွင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးချက်ထုတ်ထားသည်။
Photo: South China Morning Post / Reuters















