တရုတ်စစ်တပ်က ဇူလိုင် ၆ ရက်တွင် နျူကလီးယားရေငုပ်သင်္ဘောတစ်စင်းမှ ဒုံးကျည်တစ်စင်းကို ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စမ်းသပ်ပစ်လွှတ်လိုက်ပြီးနောက် ယင်းလုပ်ရပ်အပေါ် ဂျပန်၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့က ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ခဲ့ကြသည်။
တရုတ်ရေတပ်၏ နျူကလီးယားရေငုပ်သင်္ဘောတစ်စင်းက ပုံတူထိပ်ဖူး တပ်ဆင်ထားသည့် ဒုံးကျည်တစ်စင်းကို ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ နိုင်ငံတကာရေပြင်သို့ မွန်းတည့် ၁၂:၀၁ မိနစ်တွင် ပစ်လွှတ်ခဲ့ကြောင်း Xinhua တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။ သတင်းထဲတွင် သတ်မှတ်ထားသည့် ရေပြင်အတွင်း ဒုံးကျည်ကျရောက်ခဲ့ကြောင်း ကြေညာခဲ့သော်လည်း တည်နေရာအသေးစိတ်ကို မဖော်ပြခဲ့ပေ။
ယခုပစ်လွှတ်မှုသည် တရုတ်စစ်တပ်၏ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုဆိုင်ရာ ပုံမှန်ဆောင်ရွက်ချက်တစ်ခုသာဖြစ်ပြီး မည်သည့်နိုင်ငံ သို့မဟုတ် ပစ်မှတ်ကိုမှ ဦးတည်လုပ်ဆောင်ခြင်း မဟုတ်ကြောင်းလည်း Xinhua က ဖော်ပြခဲ့သည်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝုန်က ဒုံးကျည်စမ်းသပ်မှုနှင့်ပတ်သက်၍ တရုတ်က ၄င်းတို့ထံ ကြိုတင်အကြောင်းကြားခဲ့သော်လည်း ဒေသတွင်း မတည်မငြိမ်ဖြစ်စေသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျပန်အစိုးရကလည်း ဒုံးကျည်ပစ်လွှတ်မည့်အကြောင်း အကြောင်းကြားစာ ရရှိခဲ့ကြောင်းနှင့် ယင်းလုပ်ရပ်ကို ပြန်လည်စဉ်းစားရန် တိုက်တွန်းခဲ့ကြောင်း၊ အပိုင်းအစများ ဂျပန်အထူးစီးပွားရေးဇုန်အတွင်း ကျရောက်နိုင်ကြောင်း တရုတ်ဘက်က ဇူလိုင် ၅ ရက်တွင် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ထံ ကြိုအကြောင်းကြားခဲ့ကြောင်း ပြောသည်။
နယူးဇီလန်၏ ထုတ်ပြန်ချက်တွင်မူ မလိုလားအပ်သည့် စိုးရိမ်ဖွယ်ရာ လုပ်ဆောင်ချက်ဟု ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင်လည်း တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့သေးသည်။
Photo: The Standard (HK)















