မန္တလေးတိုင်းဒေသကြီးတွင် အစိုးရကျောင်း၁၂ ခုအား အဆင့်လျှော့ချခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးမှ သတင်းရရှိသည်။
ကျောင်းပေါင်းစည်းရေးစီမံချက်အရ အထက်တန်းအဆင့်မှအလယ်တန်းအဆင့်သို့ လျှော့ချခဲ့သည့်ကျောင်း၂ကျောင်း၊ အထက်တန်း အဆင့်မှ မူလတန်းအဆင့်သို့လျှော့ခဲ့ကျောင်း ၁ကျောင်း၊ မူလတန်းလွန်မှ အမက အဆင့်သို့လျှော့ချခဲ့သည့်ကျောင်း ၇ကျောင်း၊အလယ်တန်းမှ မူလတန်းသို့လျှော့ချခဲ့သည့်ကျောင်း ၂ကျောင်း စုစုပေါင်း ၁၂ကျောင်းရှိသည်ဟု သိရသည်။
" ကျောင်းပေါင်းစည်းရေးစီမံချက်အရ လုပ်နေတာကြာတော့ကြာပါပြီ။ ခုမှ စာရင်းထွက်လာတာပေါ့။ လျှော့ချရတဲ့အကြောင်းရင်းကတော့ ကျောင်းသားဦးရေတွေ လျော့သွားတာကြောင့်ပါ။ ဆရာ၊ ဆရာမတွေလည်းအများကြီးပိုနေတာတွေလည်းရှိတာမို့ ပိုလာတဲ့ဆရာ၊ ဆရာမတွေကို လိုအပ်တဲ့ကျောင်းတွေဆီ ပို့မည့်အစီအစဉ်ရှိပါတယ်။ ဥပမာ အထက၁၅ ဆိုလို့ရှိရင် အထက်တန်း ကျောင်းသားဦးရေ ၁၆ဦး၊ အလယ်တန်းမှာ၂၄ဦးပဲရှိတော့ စုစုပေါင်း၄၀ပဲရှိတယ်။အဲဒီကျောင်းသား၄၀ကို သူနဲ့ကပ်လျက်ရှိတဲ့ကျောင်းတွေဖြစ်တဲ့ အထက၂၊ အလက၇၊ အထက၁၄ ကျောင်းတွေမှာ ကျောင်းပြန်တက်ဖို့ စီစဉ်ထားပါတယ်" ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းက ကျောင်းများအဆင့်လျှော့ချခြင်းနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ အစိုးရအထက်တန်းကျောင်း၃ခုအနက် အထက၁၅အား မူလတန်းအဆင့်၊ အထက၆နှင့် အထက၂၃အား အလယ်တန်းအဆင့်သို့လည်းကောင်း လျှော့ချခဲ့ခြင်းဖြစ်ပြီး ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အလယ်တန်းကျောင်း ၂ကျောင်းအပါအဝင် တိုင်းဒေသကြီးအတွင်းရှိ ဝမ်းတွင်း၊ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ်များမှ ကျောင်း ၉ကျောင်းတို့အား အဆင့်လျှော့ချခဲ့ခြင်းဖြစ်သည်။
#မန္တလေးတိုင်းဒေသကြီး #ကျောင်းပေါင်းစည်းရေးစီမံချက် #elevennews
■















