■ ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေအရ တရားစွဲဆိုခံထားရပြီး ပြစ်မှုများအတွက် လက်ရှိတွင် ပြစ်ဒဏ်ကျခံနေရသူဖြစ်ခြင်းကြောင့် နိုင်ငံတကာကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်မရှိဟုဆို
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေက အင်မတန်ကောင်းမွန်ပြီး ဆေးစစ်မှုများကိုလည်း ပုံမှန် ပြုလုပ်ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။
ယနေ့(ဇွန် ၃၀ ရက်)မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေနှင့် အာဆီယံအထူးကိုယ်စားလှယ် ခွင့်တောင်းထားသည့် တွေ့ဆုံခွင့်ကိစ္စများနှင့်ပတ်သက်၍ သတင်းဌာနတစ်ခု မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေက အလွန်ကောင်းမွန်နေပါတယ်။ ဘာမှ ပြဿနာ မရှိပါဘူး။ ဘာအခက်အခဲမှမရှိပါဘူး။ အပြည့်အဝကို ကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန်ပြုလုပ်ပေးနေပါတယ်” ဟု ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။
အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သလားဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ “ ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုတွေနဲ့ ဥပဒေအရ အရေးယူခံထားရတယ်။ ပြစ်ဒဏ်ကျခံနေရသူ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီလိုနိုင်ငံတကာကိုယ်စားလှယ်တွေနဲ့တော့ တွေ့လို့မရပါဘူး။ ပြစ်ဒဏ်ကျခံပြီးသွားတဲ့အချိန်ကျရင်သာ ဒါက တွေ့ခွင့်ရရင် ရနိုင်ပါတယ်။ အခု အချိန်ကတော့ ပြစ်ဒဏ်ကျခံနေရသူ ဖြစ်တဲ့အတွက် တွေ့လို့မရပါဘူး” ဟု ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။















