ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ကျောင်းပေါင်း ၄၄ ကျောင်း ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အခြေခံပညာကျောင်းသား/သူ ၃၄၄၆ ဦးတို့ တက်ရောက်ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ ဇွန် ၂၇ ရက်တွင် တွန်းဇံမြို့ရှိ ပညာသင်ကြားနေသော စာသင်ကျောင်းများ ကြည့်ရှုပြီး ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တွန်းဇံမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံရာတွင် ကျောင်းအုပ်ကြီး တစ်ဦး၊ သင်ကြားရေး ဆရာ/မ ၃၀ ဦးနှင့် ပညာရေးဝန်ထမ်း ငါးဦး၊ စုစုပေါင်းဝန်ထမ်း ၃၆ ဦးဖြင့် သင်ကြားရေးတာဝန်များကို ထမ်းဆောင်နေပြီး ကျောင်းသား/သူ ၂၆၁ ဦး တက်ရောက်သင်ကြားလျက်ရှိပါကြောင်းနှင့် လက်ရှိသင်ကြားနေမှုအခြေအနေများအား ကျောင်းအုပ်ကြီးမှ တင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းလှပရေးအတွက် မြို့မိမြို့ဖများမှ လုပ်အားပေး ဆောင်ရွက်နေမှုများကို တစ်ဦးချင်း နှုတ်ဆက်အားပေးခဲ့ပြီး ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တွန်းဇံမြို့ရှိ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တွန်းဇံမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင် များနှင့် တွေ့ဆုံခဲ့ရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားကြရန်၊ အချိန်နှင့်တပြေးညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးမှာ ဒေသတည်ငြိမ်အေးချမ်းရေးသည် အဓိကအရေးကြီးကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး BURMAR Cafe ထုပ်များ ပေးအပ်ခဲ့ကာ တွန်းဇံမြို့အား မော်တော်ယာဉ်ဖြင့် ကြည့်ရှုခဲ့ကြောင်း သိရသည်။















