၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းနှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းပြီး မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသော မော်တော်ယာဉ်များ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် အခွန်များပေးဆောင်၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များသည် ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း မှတ်ပုံတင် ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတုများ၊ အလှဆင်နံပါတ်ပြားများတပ်ဆင်၍ အသုံးပြုနေသည်ကို လည်းကောင်း၊ လုပ်ငန်းသုံးယာဉ်များနှင့် စက်ယန္တရားယာဉ်များသည်လည်း မှတ်ပုံတင်လုပ်ငန်း ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ စီမံကိန်းများနှင့် လုပ်ငန်းခွင်များတွင် တရားမဝင်အသုံးပြုနေသည် ကိုလည်းကောင်း တွေ့ရှိရကြောင်း၊ အဆိုပါမော်တော်ယာဉ်များသည် တည်ဆဲ ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါသောကြောင့် ပထမပိုင်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားသော ယာဉ်များသည် ဇွန် ၃၀ ရက် နောက်ဆုံး ထား၍ နီးစပ်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် ကနဦးမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်ကာလကျော်လွန်သည်အထိ မှတ်ပုံတင်လုပ်ငန်းများ လာရောက် ဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည်ဟု အသိပေးကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ယခုအခါ ဒုတိယပိုင်းအနေဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားသော ယာဉ်များသည် ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို နီးစပ်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် ပြီးပြတ်အောင်ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ သတ်မှတ်ကာလကျော်လွန်ပါက ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်ခြင်း မပြုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။















