ကိုဗစ်နောက်ပိုင်း ရပ်နားခဲ့သော ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာပွဲတော်ကို ယခုနှစ်တွင် ပြန်လည် ကျင်းပပြုလုပ်ခဲ့ကြောင်း ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာပွဲတော် သံဃဩဝါဒခံ ဗဟိုဦးစီးအဖွဲ့ထံမှ သိရသည်။
၂၀၂၀ ပြည့်နှစ် ကိုဗစ်ရောဂါ နောက်ပိုင်းကျင်းပပြုလုပ်နိုင်ခြင်း မရှိတော့ဘဲ ၊ ၆ နှစ်ကြာအောင် ရပ်နားခဲ့ရသော ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာပွဲတော်ကို ယခုနှစ် ၂၀၂၆ ခုနှစ်တွင် ခမ်းနားစွာ ပြန်လည် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရန်ကုန်ကျောင်းတိုက်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာပွဲတော် စာဖြေဌာနပြုလုပ်ခြင်းဖြစ်ကာ၊ ကျောင်းဆောင်ကြီး ၅ ဆောင်တို့တွင် အခန်းအလိုက် ခွဲခြား၍ စာမေးပွဲဖြေဆိုနေကြခြင်းဖြစ်ကြောင်း သိရသည်။
မူလတန်းအဆင့်၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္တတန်း၊ ပ ဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း ၊ ဓမ္မစရိယ စာချတန်းဟူ၍ အတန်း(၈) တန်းကို ဖြေဆိုနေကြခြင်း ဖြစ်ကာ၊ ဂုဏ်ထူးတန်း(အဆင့်) ကို ယခုနှစ် ဖြေဆိုသူ မရှိသေးကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၄ ရက် အထိ စာပွဲတော်ကို ကိုးရက်တိုင်တိုင် ကျင်းပပြုလုပ်နေခြင်း ဖြစ်ကာ၊ ဇွန်လ ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ စာမေးပွဲဖြေဆိုရက် ခုနှစ်ရက် ဖြစ်ကာ၊ ဇူလိုင်လ ၄ ရက် ၊ စနေနေ့တွင် ဆုနှင်းသဘင် ၊ တရားနာရက် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာပွဲတော်တွင် စာရင်းသွင်းထားသော သံဃာတော်ပေါင်း ၃၂၀၀ ပါး ဦးရေ ရှိကာ၊ တာဝန်ရှိသူ သံဃာတော်ပေါင်း ၄၀၀ ကျော် ထည့်တွက်လျှင် စုစုပေါင်း (၃၇၀၀) ပါး ဦးရေ ရှိကြောင်း သိရသည်။
ဒီစာပွဲတော်ကြီးက စာလျှောက်စာမေး ပွဲတော်ကြီးပေါ့။ မူလ စတင်ကျင်းပစဉ်က စာပြန်ပွဲလို့ ခေါ်တာပေါ့။ ရေးဖြေလည်းပါတော့ စာမေးပွဲပေါ့ ၊ စာပြန် စာမေးပွဲတော်ကြီးကို ညောင်ရွှေမဟာရာဇာစော်ဘွားကြီး စဝ်ရွှေသိုက် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာပြည်ထောင်စု နိုင်ငံတော်သမ္မတကြီး ဦးစဝ်ရွှေသိုက် က အင်းလေးဒေသ နဲ့ ညောင်ရွှေမြို့ပေါ်က ဆရာတော်ကြီးတွေပေါ့။ တွေ့ဆုံပြီး ဝိနည်းသည် သာသနာရဲ့ အသက်ဖြစ်တယ်။ ဝိနည်း တည်အောင် ဝိနယာဒိနုဂ္ဂဟလို့ နာမည်ပေးတာပေါ့။ ၁၂၉၄ ခုနှစ်မှာ စာပွဲတော်ကို စတင် ကျင်းပခဲ့တာပေါ့။ စတင်တုန်းက သံဃာတော်တစ်ရာ မပြည့် တပြည့်လေးပေါ့။ ယခုဆိုရင် ၉၅ နှစ် ကြာပြီပေါ့။
စာပွဲတော်ကြီး ကျင်းပတာနဲ့ ပတ်သက်လို့ ဦးစီးဆောင်ရွက်ခဲ့တဲ့ အငြိမ်းစား သမ္မတကြီး၊ စဝ်ရွှေသိုက် နှင့် တကွ အနွယ်တော်များ၊ ဆရာတော် သံဃာတော်ကြီးများက ပရိယတ္တိ ၊ ပဋိပတ္တိ ၊ ပဋိဝေဒ ဆိုတဲ့ ပိဋကတ် သုံးပုံမှာ ပရိယတ္တိ မကွယ်ပျောက်စေခြင်းဟာ အရေးကြီးဆုံး ဖြစ်တယ်လို့ ခံယူထားတဲ့အတွက် ဒီပရိယတ္တိ သာသနာတော် ထိန်းသိမ်းခြင်းလုပ်ငန်း အဓိကလုပ်ငန်းဖြစ်တဲ့ ရှမ်းပြည်နယ်တစ်ခွင်က သာမဏေ ငယ်လေးတွေကအစ ဦးဇင်း အဆင့်အထိ အကုန်လုံး ဝင်ရောက်ဖြေဆိုနိုင်အောင် ဆောင်ရွက်ထားပါတယ်။ ဖြေဆိုတဲ့အခါမှာလည်း မြန်မာပြည်မမှာရှိတဲ့ ပါဠိပထမပြန် စာမေးပွဲများ ၊ အခြားသော စာပွဲများနှင့် ညှိနှိုင်းပြီး စာပွဲတွေမှာ မေးနေတဲ့ မေးခွန်းတွေ ဖြေဆိုပုံတွေကို နည်းနာယူပြီး နှစ်ပေါင်းများစွာ စနစ်တကျ ကျင်းပပါတယ်။ ကျင်းပရာမှာလည်း ထူးခြားချက်တွေရှိတာက ပုစ္ဆက ဆရာတော်များဆိုရင် ပုစ္ဆကဆောင်မှာ နေရာယူပြီးတာနဲ့ အပြင်ထွက်ခွင့် မရှိ၊ အပြင်နဲ့ ဆက်သွယ်ခွင့် မရှိ၊ ဖုန်းကိုင်ခွင့် မရှိ ၊ ပုစ္ဆာတွေ အပြီးထုတ်ရပါတယ်။ စာသင်သားများဖြေဆိုပြီးချိန်မှ အပြင်ထွက်ခွင့် ရှိပါတယ်။ နောက်တစ်ခါ ဖြေဆိုပြီးတဲ့ အဖြေလွှာများကိုလည်း စနစ်တကျ ကုတ်တွေနဲ့ကပ်လိုက်တယ်။ အဖြေလွှာတွေကို စနစ်တကျ ဖျက်ပါတယ်။ နေ့ချင်းအဖြေလွှာနဲ့ အမှတ်စာရင်း ထုတ်ပြန်ပါတယ်။ အမေးအဖြေပြီးတာနဲ့ တရားတော်နာတဲ့ ရက်မတိုင်ခင်မှာ အောင်စာရင်းကို အတိအကျထုတ်ပြီး လပြည့်ကျော် ၅ ရက် တရားတော်နာချိန်မှာ စာတော်အောင် ဆုနှင်းအခမ်းအနားမှာ စနစ်တကျ ကျင်းပပါတယ်။
ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာပွဲတော် သံဃဩဝါဒခံ ဗဟိုဦးစီးအဖွဲ့ဒုဥက္ကဌ ဦးတင်အောင်ကျော် က ဆိုသည်။
မူလ စတင်ကျင်းပစဉ် ၁၉၃၂ ခုနှစ်မှ စ၍ ၂၀၁၉ ခုနှစ် အထိ နှစ်စဉ် ကျင်းပမြဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ၊ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့် လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် စံချိန်တင် ရေကြီး နစ်မြုပ်ခြင်းကြောင့် လည်းကောင်း၊ ၂၀၂၅ ခုနှစ် မတ်လတွင် ငလျင်ဘေးဒဏ်တို့ကြောင့် လည်းကောင်း ကျင်းပနိုင်ခြင်း မရှိသည်မှာ ၆ နှစ်ကျော် ကြာမြင့်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် အစဉ်အလာမပျက် ပြန်လည် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်အောင်ကျော်က ဆိုသည်။
ယခင် ၂၀၁၉ ခုနှစ် အထိ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးစသော မြို့များရှိ ကျောင်းတိုက် အသီးသီး ၊ ရှမ်းအရှေ့ ကျိုင်းတုံမှ ကျောင်းတိုက်များ၊ ကယားပြည်နယ် လွိုင်ကော်ရှိ ကျောင်းတိုက်တို့မှ သံဃာ တော်များလည်း လာရောက်ဖြေဆိုခဲ့သော်လည်း ၊ ယခုနှစ် ၂၀၂၆ ခုနှစ်တွင် လာရောက်နိုင်ခြင်း မရှိဘဲ၊ ရှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်အသီးသီးတို့မှ လာရောက်ဖြေဆိုခြင်း ဖြစ်ကြောင်းကိုလည်း သိရသည်။
“ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက် က ဦးဆောင်ပြီး စတင်ကျင်းပပြုလုပ်ခဲ့တာပါ၊ ဒီညောင်ရွှေ စာပြန်ပွဲမှာ ထူးခြားချက်တွေရှိပါတယ်။ ဒီစာပြန်ပွဲက အစိုးရမှ ကြီးမှူးကျင်းပတဲ့ စာပြန်ပွဲတော် မဟုတ်ဘူး။ သက်ဆိုင်ရာမြို့နယ် ၊ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ ၊ အာဏာပိုင် အဖွဲ့အစည်းတွေ က စာပြန်ပွဲတော်အတွက် လိုအပ်တဲ့ စီမံခန့်ခွဲရေး အပိုင်းက လိုအပ်တဲ့ ကူညီမှုတွေ လုပ်ပေးတယ်။ ဦးစီးကျင်းပတာကတော့ မြို့နယ်ထဲမှာရှိတဲ့ ဆရာတော် သံဃာတော်များရဲ့ ဩဝါဒလမ်းညွှန်မှုကို ခံယူပြီးတော့ သံဃဩဝါဒခံ ဗဟိုဦးစီးအဖွဲ့က ဦးဆောင် ကျင်းပတာဖြစ်တယ်။ ဒါက ပထမအချက်၊ နောက် အရေးကြီးတာက ဒီစာပြန်ပွဲတော်က ဘယ်နိုင်ငံရေးပါတီမှ ဦးဆောင်ကျင်းပတာ မဟုတ်ဘူး။ မြို့သူမြို့သား နယ်သူနယ်သားတွေ လုပ်တဲ့ပွဲတော် ဖြစ်တယ်။ တတိယအချက်က ညောင်ရွှေ စာပြန်ပွဲတော်ကြီးဟာ နှစ်ကာလအားဖြင့် အင်မတန် ရှည်ကြာတယ်။ ၁၉၃၂ ခုနှစ်ထဲကဆိုရင် ဒီနှစ် ၂၀၂၆ အထိ ဆိုရင် ၉၄ နှစ် ရှိပြီ၊ ကြားမှာ ၆ နှစ် နားတဲ့ အတွက် ၈၉ ကြိမ်မြောက် စာပြန်ပွဲတော် နဲ့ ၈၆ ကြိမ်မြောက် စာချမေးပွဲတော်၊ သက်တမ်းအားဖြင့် ၉၄ နှစ် ကြာသွားပြီ။ စတုတ္ထ ထူးခြားချက်က ဒီစာပြန်ပွဲတော်ကို မြို့သူမြို့သားတွေ စုပေါင်းဆောင်ရွက်မှု အင်အားအပေါ် အခြေခံပြီး လုပ်တာ၊ စာပြန်ပွဲ ရန်ပုံငွေက မြို့သူမြို့သားတွေရဲ့ ချွေးနည်းစာ ၊ အနယ်နယ်အရပ်ရပ် က လှူဒါန်း တယ်။ ဒီစာပြန်ပွဲ ရန်ပုံငွေက နှစ်တိုင်း တိုးနေတယ်။ စာဖြေ ဆရာတော်၊ စာစစ်ဆရာတော် အားလုံးပေါင်း လိုက်ရင် ၄၀၀၀ နီးပါး လောက် ရှိတယ်။ ဒီလောက်များတဲ့ သံဃာတော်၊ ဒီလောက်ကြာတဲ့ နှစ်တွေ ၊ ကျင်းပတဲ့ ရက်ကလည်း ၉ ရက်တောင် ကြာတယ်။ ဒီဆရာတော် သံဃာတော်တွေ အားလုံးရဲ့ ဆွမ်းကွမ်း ဝေယျာဝစ္စ၊ ကျန်းမာရေး ၊ နေထိုင်ရေးသွားလာရေး အားလုံးကိစ္စကို မြို့သူမြို့သားတွေက တာဝန်ယူထားတာ၊ ဒါက ဘယ်မှာမှ မရှိဘူး။ တို့က ရဲရဲဝံ့ဝံ့ ပြောချင်တာ၊ ဒီလို ဝိသေသ လက္ခဏာနဲ့ ပြည့်စုံတဲ့ စာပြန်ပွဲမျိုးဟာ ဗမာပြည် တစ်ပြည်လုံးမှာ ဘယ်မှာမှ မရှိသေးဘူးလို့ ထင်တယ်။ အစိုးရကျင်းပတဲ့ စာပြန်ပွဲ အကြီးတွေရှိတယ်လေ။ ခုက လူထုက ကြီးမှူးပြီး အင်အားနဲ့ တာဝန်ခံပြီး လုပ်တယ် ” ဟု ညောင်ရွှေနယ်သားဖြစ်သူ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောသည်။
“သံဃာတော်တွေက ဓမ္မနုဂ္ဂဟဖြင့် ချီးမြှင့်ချိန် ဒါယကာတွေဘက်က ပစ္စယာ နုဂ္ဂဟပစ္စည်းလေးပါး နဲ့ အပ်စပ်အောင် လေးလေး က ဒီပွဲတော်တစ်ခုလုံးရဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။ တစ်ရက်ပျှမ်းမျှအားဖြင့် လူအယောက် တစ်သောင်းကျော် သံဃာတော်အပါး သုံးထောင်ကျော် ၊ လူပျှမ်းမျှ ခုနှစ်ထောင် နီးပါးလောက် ၊ ပေါင်းတစ်သောင်းကျော် ကို နေ့စဉ်ချက်ပြုတ်ပြီး စီမံခန့်ခွဲပြီး ကျွေးမွေးရတာပေါ့။ ညောင်ရွှေမြို့မှာ တည်းခို ဌာနပေါင်း ၂၂ ဌာန ရှိတယ်။ အဝေး သံဃာရော ၊ အနီး သံဃာတွေရော ရှိတယ်။ မနက်ဆွမ်း အာရုံဆွမ်း ၊ နေ့ဆွမ်း အားလုံး အပ်စပ်အောင် ပစ္စည်းလေးပါး နဲ့ ပစ္စယ နုဂ္ဂဟ အဖြစ် ထောက်ပံ့ပေးနေပါတယ် ” ဟု ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာပွဲတော် သံဃဩဝါဒခံ ဗဟိုဦးစီးအဖွဲ့ ဒုဥက္ကဌ ဦးဘုန်းကြွယ် က ဆိုသည်။
သတင်း၊ ဓာတ်ပုံ - စည်သာ(တောင်ကြီး)















