■ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို ဆွေးနွေး
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် "၀" အဖွဲ့ (UWSA) တို့ ပန်ဆန်းမြို့တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြောင်း UWSA က သတင်းထုတ် ပြန်သည်။
"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ဇွန် ၁၈ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် "၀" အဖွဲ့ (UWSA) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
UWSA ၏ ထုတ်ပြန်ချက်အရ တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် UWSA ဘက်မှ ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲ ဦးကျောက်ကော်အန်း၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ပေါက်အိုင်ခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် UWSA ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ၀" ပြည်သည် ပြည်ထောင်စု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးကို အစဉ်တစိုက် ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းလျက်ရှိကြောင်း၊ ကာလရှည်ကြာစွာပင် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် ရပ်တည်ခဲ့ပြီး နိုင်ငံတော်တွင် ရေရှည်ငြိမ်းချမ်းတည်ငြိမ်မှုရရှိရန် အစဉ်မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။















