တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့သွားရောက်လေ့လာကြသည်။
အဆိုပါ တရုတ်မီးရထားလမ်းတည်ဆောက်ရေးကော်ပိုရေးရှင်း (China Railway Construction Corporation Limited- CRCC)ကို ၁၉၄၈ ခုနှစ်၌ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရထားလမ်း ကော်ပိုရေးရှင်းအဖြစ် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ၁၉၈၄ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်တွင် CRCC အဖြစ်သို့ပြောင်းလဲဖွဲစည်းခဲ့ပြီး ၂၀၀၃ ခုနှစ်၌ နိုင်ငံပိုင်ပစ္စည်းများကြီးကြပ် စစ်ဆေးရေးနှင့်စီမံခန့်ခွဲရေးကော်မရှင်(SASAC)၏ စီမံခန့်ခွဲမှုဖြင့် ဆက်လက်ဆောင် ရွက်ခဲ့ကြောင်း၊ ကုမ္ပဏီကို ၂၀၀၇ ခုနှစ်တွင် အစုရှယ်ယာများဖြင့် ခေတ်မီ ကော်ပိုရေး ရှင်းအသွင်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ရှန်ဟိုင်းနှင့် ဟောင်ကောင် စတော့ခ်ဈေးကွက်တွင် စာရင်းသွင်းခဲ့ကြောင်း၊ CRCC သည် ယနေ့အချိန်အထိ မီး ရထားလမ်းနှင့် အမြန်ရထားလမ်းပေါင်း (၁၃၀,၀၀၀) ကီလိုမီတာကျော်၊ အဝေးပြေး လမ်းမ (၅၀,၀၀၀)ကီလိုမီတာကျော်၊ တံတား (၂၈,၀၀၀) ကီလိုမီတာကျော်၊ ဥမင် လိုဏ်ခေါင်း(၂၆,၀၀၀) ကီလိုမီတာကျော်နှင့် အဆောက်အဦပေါင်း (၁၂၀,၀၀၀,၀၀၀) စတုရန်းမီတာတို့ကို ကမ္ဘာ့နေရာအများအပြားတွင် တည်ဆောက်ခဲ့ကြောင်း၊ ထို့ပြင် CRCC ၏ လုပ်ငန်းခွဲများသည် အမေရိကတွင် (၂၄) ခု၊ အာဖရိကတွင်(၅၁) ခု၊ ဥရောပ တွင် (၁၅) ခု၊ အာရှတွင် (၄၁) ခုနှင့် သမုဒ္ဒရာနိုင်ငံများတွင် (၁၀)ခု၊ ပြည်ပ နိုင်ငံနှင့် ဒေသစုစုပေါင်း (၁၄၈) ခုတွင် အလုပ်သမားပေါင်း (၂၆၈,၀၀၀)ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ CRCC မှ တည်ဆောက်ခဲ့သော အမြန်ရထားလမ်းများ အနက် ကမ္ဘာ့အရှည်ဆုံး၊ အဆင့်မြင့်ဆုံးနှင့် ရှုပ်ထွေးမှုအရှိဆုံး တစ်ဆက်တည်း အမြန်ရထားလမ်းအဖြစ် ပေကျင်း-ရှန်ဟိုင်း အမြန်ရထားလမ်း ဖောက်လုပ်မှုတွင် (၄၆%)တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ ကမ္ဘာ့အမြင့်ဆုံးနှင့် အရှည်ဆုံး ကုန်းပြင်မြင့် ရထားလမ်းဖြစ်သည့် ကျင်းဟိုင်-တိဘက် ရထားလမ်းဖောက်လုပ်မှုတွင် (၇၀%) ပါဝင်ခဲ့ ကြောင်း၊ တရုတ်နိုင်ငံမှတည်ဆောက်သည့် ပထမဆုံးနယ်စပ်ဖြတ်ကျော် ရထားလမ်း ဖြစ်ပြီး တရုတ်နိုင်ငံရှိ ရထားကွန်ရက်နှင့် ချိတ်ဆက်ထားသည့် ကူမင်း-ဗီယင်ကျန်း မီးရထားလမ်းနှင့် ပေကျင်းမြေအောက် ရထားလိုင်းအမှတ်(၁)စသည်ဖြင့် နေရာအမျိုး မျိုးတွင် ဖောက်လုပ်ထားသည့် မီးရထားလမ်းများသည် လက်ရှိအချိန်အထိ အသုံးပြု လျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံအချို့နှင့်ပူးပေါင်း၍ မီးရထားလမ်း ထိန်းသိမ်းပြင်ဆင် သည့် လုပ်ငန်းများကိုလည်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















