အမေရိကန်တွင် ပူတင်နှင့် တွေ့ဆုံလိုကြောင်း ဇယ်လန်းစကီး ပြောကြား

အမေရိကန်တွင် ပူတင်နှင့် တွေ့ဆုံလိုကြောင်း ဇယ်လန်းစကီး ပြောကြား
Published 16 June 2026

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်တွင် တွေ့ဆုံရန် ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့ပြီး ယခုကဲ့သို့ ကမ်းလှမ်းမှုကို ပူတင်အနေဖြင့် ငြင်းပယ်ရန် ပိုမိုခက်ခဲလိမ့်မည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

ဇယ်လန်းစကီးက ၎င်းအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖုန်းဖြင့် ဆွေးနွေးစဉ် ထိုကဲ့သို့ အဆိုပြုခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ်မှ မည်သို့အကျိုးရလဒ် ထွက်ပေါ်လာမည်ကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။

လေးနှစ်ကျော်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် ဇလန်းစကီးနှင့် လူချင်းတွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်များကို ပူတင်က အကြိမ်ကြိမ် ငြင်းပယ်ထားခဲ့သည်။

ဇွန် ၁၅ ရက် က ပြင်သစ်နိုင်ငံ၌ စတင်ကျင်းပခဲ့သည့် G7 ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံရန် ဖိတ်ကြားချက်ကိုလည်း ပူတင်က လျစ်လျူရှုခဲ့ကြောင်း ဇယ်လန်းစကီးက အစောပိုင်းတွင် ပြောကြားခဲ့ဖူးသည်။

“မနေ့ (ဇွန် ၁၄ ရက်) က သမ္မတ ထရန့်နဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတာကတော့ ပူတင်အနေနဲ့ ငြင်းပယ်ဖို့ အလွန်ခက်ခဲမယ့် ပုံစံမျိုးနဲ့ အမေရိကန်မှာ အဲဒီလိုတွေ့ဆုံပွဲမျိုးကို စီစဉ်နိုင်မလားဆိုတာပဲ ဖြစ်ပါတယ်” ဟု ဇယ်လန်းစကီးက ၎င်း၏ X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent