အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်
Published 16 June 2026

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အရှေ့အလယ်ပိုင်းပဋိပက္ခ၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများသည် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ပိုမိုဆိုးရွားလာသည့် ပြင်ပပတ်ဝန်းကျင် အခြေအနေများကြောင့် ဧပြီလတွင် စတင်ခဲ့သည့် ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကိုလည်း ကမ္ဘာ့ဘဏ်က လျှော့ချခဲ့သည်။

တရားဝင် ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသည် စက်သုံးဆီ ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အီရန် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။

ကမ္ဘာ့ဘဏ်၏ တစ်နှစ်လျှင် နှစ်ကြိမ် ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ပြီးခဲ့သည့်နှစ် ဧပြီလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ဧပြီလအတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၄ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပြီး တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကိုလည်း ယခင်က ၃ ရာခိုင်နှုန်း ခန့်မှန်းခဲ့ရာမှ ယခုအခါ ၂ ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ခဲ့သည်။

မြန်မာ့စီးပွားရေးသည် နိမ့်ပါးသောအဆင့်တစ်ခုတွင် တည်ငြိမ်နေသည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သော်လည်း လောင်စာဆီ ပြဿနာသည် ရှေရှည်ဖြစ်တည်နေသည့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အားနည်းချက်များကို ပိုမိုကြီးမားစေကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။

"လောင်စာဆီပြဿနာက ငွေကြေးဖောင်းပွမှု ဖိအားတွေကို ပြန်လည်အစပျိုးပေးလိုက်တာ ဖြစ်ပါတယ်" ဟု အကြီးတန်း စီးပွားရေးပညာရှင် ကီမို မန်ဆာရေးက သတင်းထောက်များကို ပြောကြားခဲ့သည်။

"ဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ အိမ်ထောင်စုတွေရဲ့ ဝယ်လိုအား ကျဆင်းသွားတာဖြစ်ပြီး၊ အဲဒီအိမ်ထောင်စုတွေဟာ တောင့်ခံနိုင်စွမ်း အလွန်နည်းပါးတဲ့ အခြေအနေကို ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်"ဟု ၎င်းကဆိုသည်။

မတ်လကုန်မတိုင်မီ ပြီးခဲ့သည့် ၁၂ လတာကာလအတွက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၁ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့သည်။

ထို့အပြင် ၂၀၂၅ ခုနှစ်၏ ဆင်းရဲမွဲတေမှုနှုန်းမှာ ၂၉ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ယင်းနှုန်းထားသည် ၂၀၂၁ ခုနှစ်မတိုင်မီက အခြေအနေများနှင့် နှိုင်းယှဉ်ပါက အလွန်မြင့်မားသော အဆင့်တွင် ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ၏ ထုတ်ပြန်ချက်အရ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသယ်ယူနေသည့် ရေနံများ၏ ၈၀ ရာခိုင်နှုန်းသည် အာရှဒေသသို့ ဦးတည်နေခြင်းဖြစ်သဖြင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုသည် အာရှဒေသကို အလွန်ထိခိုက်နစ်နာစေခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန်နှင့် အီရန်ကြား စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေပြီဖြစ်ကြောင်းနှင့် အဆိုပါရေလက်ကြားသည် ဇွန် ၁၉ ရက်တွင် အလုံးစုံ ပြန်ပွင့်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

သို့သော် ပဋိပက္ခကြောင့် ဖြစ်ပေါ်ခဲ့ရသည့် စီးပွားရေးထိခိုက်မှုများမှ ပြန်လည်နာလန်ထူရေးသည် ရေရှည်လုပ်ငန်းစဉ်တစ်ခု ဖြစ်လိမ့်မည်ဟု လေ့လာဆန်းစစ်သူများက သတိပေးထားသည်။

Ref:AFP

Most Read

Most Recent