မကွေးတိုင်း ပခုက္ကူနှင့် ကံမမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် PDF များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၄၆ လုံးအား ဖယ်ရှား

မကွေးတိုင်း ပခုက္ကူနှင့် ကံမမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် PDF များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၄၆ လုံးအား ဖယ်ရှား
Published 16 June 2026

မကွေးတိုင်း ပခုက္ကူနှင့် ကံမမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် PDF များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၄၆ လုံးအား ဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။

ဇွန် ၁၃ ရက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နှင့် ကံမမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းမကြီးတစ်လျှောက်တွင် PDF အဖွဲ့များက ကတ္တရာလမ်းအား ကျင်းတူးပြီး ဆီပီပါခွံများဖြင့် ကားမိုင်းအဖြစ် ပြုလုပ်ကာ မိုင်းထောင်ပိတ်ဆို့ထားရှိပြီး ခရီးသွားပြည်သူများကို တောလမ်းများအား ရှောင်ကွင်းလမ်းအဖြစ် အသုံးပြုစေကာ ဂိတ်ဖွင့်၍ ငွေကြေးတောင်းခံမှုများပြုလုပ်နေကြောင်း သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး အဆိုပါကားလမ်းမကြီးတစ်လျှောက် မိုင်းရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ ကံမမြို့နယ် ညောင်ဂျစ်ပင်ရွာအနီး ကားလမ်းဘေးဝဲ/ယာဘက်များ၌ PDF အဖွဲ့ထောင်ထားသည့် ဆီပီပါဖြင့် ပြုလုပ်ထားသော ကားမိုင်းကြီး ၁၅ လုံး၊ လက်လုပ်နင်းမိုင်း ရှစ်လုံး၊ လက်လုပ်မြေမြှုပ်မိုင်း ၁၀ လုံးကိုလည်းကောင်း၊ ဇွန် ၁၄ ရက်တွင် ကားမိုင်းကြီး ရှစ်လုံး၊ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းသုံးလုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းနှစ်လုံးကိုလည်းကောင်း စုစုပေါင်း လက်လုပ်မိုင်းမျိုးစုံ ၄၆ လုံးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းများအား ဘေးအန္တရာယ် မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ်ကာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း၊ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent