■ ပါမစ်မြေ၊ စလစ်မြေများနှင့်ပတ်သက်ပြီး စကားဝိုင်းပြုလုပ်

■ ပါမစ်မြေ၊ စလစ်မြေများနှင့်ပတ်သက်ပြီး စကားဝိုင်းပြုလုပ်
Published 14 June 2026

ပါမစ်အတု၊ စလစ်အတုများဖြင့် အိမ်ခြံမြေရောင်းဝယ်ခြင်းများ ရှိနေပြီး သတိထားရောင်းဝယ်ရန် အိမ်ခြံမြေအသင်းဥက္ကဌ ပြောကြား

ပါမစ်မြေ၊ စလစ်မြေများနှင့်ပတ်သက်ပြီး စကားဝိုင်းပြုလုပ်ပြီး ပါမစ်အတု၊ စလစ်အတုများဖြင့် အိမ်ခြံမြေရောင်းဝယ်ခြင်းများ ရှိနေကာ သတိထားရောင်းဝယ်ရန် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းဥက္ကဌ  ဒေါ်မို့မို့အောင်က ပြောကြားသည်။

ဇွန် ၁၄ ရက်က ရွှေဂုံတိုင်ရှိ ကမ္ဘာအေးဟိုတယ်တွင် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်​ဆောင်မှုအသင်းက ကြီးမှုးပြီး မြန်မာ့အိမ်ခြံမြေစျေးကွက်နှင့် ပါမစ်စလစ် လက်တွေ့ဘဝဥပဒေအမြင် စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားတွင် ဥက္ကဌ ဒေါ်မို့မို့အောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

" မြန်မာ့အိမ်ခြံမြေလောကမှာက ပါမစ်တွေ၊ စလစ်တွေက ပိုရောင်းရတာပေါ့။ အဓိကမြို့သစ်တွေမှာ ပိုအရောင်းအဝယ်ဖြစ်တာပေါ့။ အဲ့ဒီမှာ အမှားအယွင်း တွေမဖြစ်စေဖို့ပေါ့။ နောက်တခုက တကယ်နေဖို့ဝယ်တဲ့သူတွေပေါ့။ ပြီးတော့ ရင်းနှီးမြုပ်နှံမယ့်သူတွေပေါ့။ အမှားအယွင်းတွေ မဖြစ်အောင် ဥပဒေအမြင်နဲ့ပေါ့။ ဒီမှာလည်း ဆရာဦးဇော်မင်းလည်းပါတဲ့အခါကျတော့ ဥပဒေအမြင်၊ အိမ်ခြံမြေမှာလည်း တကယ်လုပ်ခဲ့တဲ့ ဆရာဦးသန်းဦးတို့လည်းပါတယ်။ ကျွန်မတို့ရဲ့ နှစ်ပေါင်း ၃၀ ကျော်အတွေ့အကြုံတွေနဲ့ မှားယွင်းမှုတွေ မဖြစ်အောင်လို့ ဒီပွဲကိုရည်ရွယ်ပြီး လုပ်တာ" ဟု ဥက္ကဌ ဒေါ်မို့မို့အောင်က ပြောကြားသည်။

အိမ်ခြံမြေလောကတွင် ပါမစ်အတု၊ စလစ်အတုများ ဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်းများရှိနေသဖြင့် သတိထားဝယ်ယူကြရန် ၎င်းက ဆက်လက်ပြောကြားသည်။

" ပါမစ်ပဲဝယ်ဝယ်၊ စလစ်ပဲဝယ်ဝယ်၊ ဒီပါမစ်က ဘယ်ကနေထွက်တာလဲ၊ အိုးအိမ်လား၊ စည်ပင်လား။ စလစ်ကရော။ စလစ်က မြို့နယ်ကောင်စီခေတ်ကတည်းက ပေးထားတာပေါ့နော်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူနဲ့သက်ဆိုင်ရာဌာနတွေမှာ စစ်ဆေးပြီးတော့ဝယ်ပါ။ အမှားအယွင်းမဖြစ်အောင် လုပ်ရမယ်" ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဌ ဒေါ်မို့မို့အောင်က ပြောကြားသည်။

ပါမစ်မြေကို ထုတ်ပေးခဲ့သည့်ဌာနမှာ နှစ်ခုရှိပြီး မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေး ထားခြင်းများဖြစ်ပြီး အရောင်းအဝယ်မပြုလုပ်မီ သက်ဆိုင်ရာဌာနများတွင် သွားရောက်စစ်ဆေးရန် လိုအပ်ကြောင်း သိရသည်။

အိမ်ခြံမြေစျေးကွက်အတွင်း မြို့သစ်များရှိ စလစ်မြေ၊ ပါမစ်မြေများကို အရောင်းအဝယ်များပြုလုပ်နေခြင်းဖြစ်ပြီး စျေးကွက်အတွင်းတွင်လည်း ယင်းမြေများမှာ အရောင်းအဝယ်သွက်နေသည်ဟု သိရသည်။

Most Read

Most Recent