ရန်ကုန်မြို့တွင် အမေရိကန်သံတမန်သေဆုံးမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် ထိုင်းအမျိုးသမီးကို ချုပ်ရမန်ယူထားပြီး သေဆုံးသူ၏ ဦးခေါင်းနှင့် လည်ပင်းတို့တွင် ဒဏ်ရာများတွေ့ရှိဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြ

ရန်ကုန်မြို့တွင် အမေရိကန်သံတမန်သေဆုံးမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် ထိုင်းအမျိုးသမီးကို ချုပ်ရမန်ယူထားပြီး သေဆုံးသူ၏ ဦးခေါင်းနှင့် လည်ပင်းတို့တွင် ဒဏ်ရာများတွေ့ရှိဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြ
Published 11 June 2026

ရန်ကုန်မြို့တွင် အမေရိကန်သံတမန်သေဆုံးမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် ထိုင်းအမျိုးသမီးကို ချုပ်ရမန်ယူထားပြီး သေဆုံးသူ၏ ဦးခေါင်းနှင့် လည်ပင်းတို့တွင် ဒဏ်ရာများတွေ့ရှိကြောင်း အေအက်ဖ်ပီက သတင်းဖော်ပြသည်။

မြန်မာနိုင်ငံတွင် အမေရိကန်သံတမန်တစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးခံထားရသည့် ထိုင်းအမျိုးသမီးတစ်ဦးကို ကြာသပတေးနေ့တွင် တရားရုံးက ချုပ်ရမန်ရယူထားကြောင်း ဥပဒေအရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အမေရိကန် သံတမန်တစ်ဦးကို ရန်ကုန်ရှိ Sakura Residence ဟိုတယ်နှင့် ဝန်ဆောင်မှု တိုက်ခန်းတွင် မေ ၁၁ ရက်က ရှာဖွေတွေ့ရှိခဲ့ကြောင်း အမည်မဖော်လိုသည့် ရဲသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ အမေရိကန်သံတမန်မှာ အသက်(၄၃)နှစ်အရွယ်ရှိပြီး ဦးခေါင်းနှင့် လည်ပင်းဒဏ်ရာများဖြင့် ဆေးရုံသို့ ရောက်ရှိလာစဉ် သေဆုံးသွားခဲ့ကြောင်း သတင်းတွင် ရေးသားထားသည်။

“ရန်ကုန်မြို့ Sakura Residence က သူ့အခန်းမှာတွေ့တဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်တာပါ” ဟု သတင်းရင်းမြစ်က ဆိုသည်။

ယင်းအမှုကို လူသတ်မှုဖြစ်နိုင်ခြေအဖြစ် သတ်မှတ်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ အမျိုးသမီးအား ကြာသပတေးနေ့က တရားရုံးတွင် ကြားနာရန် ရုံးထုတ်စစ်ဆေးခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တရားရုံးမှ ဥပဒေအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

“သူမကို ဒီနေ့ တရားရုံးမှာ ရမန်ရထားပါတယ်” ဟု အမည်မဖော်လိုသည့် အရာရှိက ပြောကြားပြီး အဆိုပါ ထိုင်းအမျိုးသမီးအား စွဲဆိုထားသည့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးဟု သတင်းတွင် ရေးသားထားသည်။

အွန်လိုင်းတွင် မျှဝေထားသည့် အမေရိကန်သံရုံး အောက်မေ့ဖွယ်အခမ်းအနားတွင် သေဆုံးသူ သံတမန်အား နယူးယောက်ပြည်နယ်မှ ဒေသဆိုင်ရာ လုံခြုံရေးအရာရှိတစ်ဦးအဖြစ် ဖော်ပြခဲ့သည်။

 “ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် တာဝန်ကျသော အမေရိကန်အစိုးရ ဝန်ထမ်းတစ်ဦး သေဆုံးမှုကို ကျွန်ုပ်တို့ အတည်ပြုနိုင်သည်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမရှိပေ။

"မိသားစုနဲ့ ချစ်ခင်ရသူတွေရဲ့ လျှို့ဝှက်ရေးကို လေးစားတာကြောင့်၊ ဒီအချိန်မှာ ကျွန်တော်တို့မှာ နောက်ထပ် အချက်အလက်တွေ ပေးစရာမရှိပါဘူး" ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ရန်ကုန်မြို့ရှိ အထပ်မြင့် Sakura Residence သည် အမေရိကန်သံရုံးနှင့် မလှမ်းမကမ်းတွင်ရှိပြီး သံတမန်များ၊ ကုလသမဂ္ဂ ဝန်ထမ်းများ၊ အကူအညီပေးရေး လုပ်သားများနှင့် နိုင်ငံခြားလုပ်ငန်းရှင်များကြား ရေပန်းစားသည့် နေရာတစ်ခု ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး Sakura Residence ရှိ ဝန်ထမ်းများနှင့် နယ်မြေခံရဲစခန်းတို့ကို မှတ်ချက်ပေးရန် တယ်လီဖုန်းဖြင့် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိဟု သတင်းတွင် ဖော်ပြသည်။

ဖြစ်စဉ်ကို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးသို့ မေးမြန်းထားသော်လည်း မှတ်ချက်ပေးခြင်းမရှိသော်လည်း အဆိုပါကိစ္စ အား စောင့်ကြည့်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

“ဒါဟာ လောလောဆယ်မှာ ကောင်စစ်ဝန် အကူအညီနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ လမ်းကြောင်းတွေကနေ တဆင့် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

Most Read

Most Recent