ကျွဲဝှေ့ခံရခြင်း (သို့မဟုတ်) ကျယ်ပြန့်လာတဲ့ စလော့ဂိမ်းပြသနာ

ကျွဲဝှေ့ခံရခြင်း (သို့မဟုတ်) ကျယ်ပြန့်လာတဲ့ စလော့ဂိမ်းပြသနာ
Published 11 June 2026

"ဘုံဆိုင်လေးထဲမှာ ကျွဲလေးတွေ ဖမ်းနေတယ်" 

ရန်ကုန်မြို့ရဲ့ ဈေးတစ်ခုမှာ ဈေးသည်တစ်ဦးက ဆိုညည်းသွားတဲ့ အသံဖြစ်ပါတယ်။ 

စလော့ဂိမ်းဆော့နေတဲ့ ဈေးသည်တစ်ဦးကို ရည်ရွယ်ပြီး ၎င်းတို့ လုပ်ဖော်ကိုင်ဖက်ချင်း ဖြတ်သွားဖြတ်လာ စနောက်သွားခြင်းဖြစ်ပါတယ်။

သဟာအောင်ရေးသားပြီး သားဂန်းသီဆိုထားတဲ့ 'အရှုံးသမားတို့ဖော်တဲ့ဆေး'ဆိုသောသီချင်းထဲက 'ဘုံဆိုင်လေးထဲမှာ အသည်းလေးတွေကွဲနေတယ်' ဆိုတဲ့ စာသားကို ပြန်လည်ပြင်ဆင်ပြီး

အချင်းချင်း ကျီစားသွားခြင်းဖြစ်ပါတယ်။

စနောက်သူက စနောက်ခဲ့ပေမဲ့ ဂိမ်းဆော့နေသူကတော့ ဘယ်လောက်နိုင်ပြီး ဘယ်လောက်ရှုံးတာကို သူပဲသိပါလိမ့်မယ်။

"ဈေး​ရောင်းမကောင်းချိန်ဆို ဂိမ်းလေးပေါက်တော့လည်း ဝင်ငွေရတာပေါ့။ မပေါက်တော့လည်း ငါးထောင်၊ တစ်သောင်း ပါသွားတာပေါ့။ ဈေးရင်းရသလိုပါပဲ"လို့ ဂိမ်းဆော့သူ ဈေးသည်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ 

ဒီစလော့ဂိမ်းတွေဟာ မြန်မာနိုင်ငံမှာ ရှိနေခဲ့တာ ကြာပြီဆိုရမယ်။ ဒါပေမဲ့ အခုလောက်ထိတော့ အခြေခံလူတန်းစားတွေဆီ မရောက်ရှိခဲ့ဘူး။

လက်ရှိအချိန်မှာတော့ နဂိုရှိပြီးသား လောင်းကစားတွေဖြစ်တဲ့ 2D၊3D အပြင် စလော့ဂိမ်းတွေကိုပါ အခြေခံလူတန်းစားတွေ လုပ်ဆောင်လာကြတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှုနောက်မှာ သမာအာဇီဝဘောင်ကျဉ်းလာတော့ လောင်းကစားဘောင်ကျယ်လာတယ်လို့ ပြောရမယ် ထင်ပါတယ်။

"အလုပ်ကရတဲ့ ဝင်ငွေနဲ့ ကုန်ဈေးနှုန်းနဲ့က ဘယ်လိုမှ မကိုက်ဘူး။ ဒါတောင် ကြားပေါက် အလုပ်တွေလုပ်သေးတယ်။ စားဝတ်နေရေး အဆင်ပြေကောင်းရဲ့ဆိုပြီး လောင်းကစားလေးတွေလုပ်ကြည့်တာပေါ့။ အရင်က 

နှစ်လုံးသုံးလုံးထိုးတယ်။ အခု စလော့ဂိမ်းဆော့ကြည့်တယ်။ လောင်းကစားကတော့ လောင်းကစားပါပဲ”လို့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်က ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ပြောပါတယ်။

အခုချိန်မှာတော့ စလော့ဂိမ်းပေ့ချ်တွေ၊ အက်ပလီကေးရှင်တွေက အခုအချိန်မှာ မာကတ်တင်းဆင်းတာ တော်တော်များများ မြင်လာရပါတယ်။

သူတို့ရဲ့ နည်းလမ်းတွေကတော့ မိုဘိုင်းဖုန်းတွေကတစ်ဆင့် ဖုန်းအသုံးပြုသူတွေဆီကို မက်ဆေ့ပို့ပြီး လှုံ့ဆော်ပါတယ်။ 

ဒါ့အပြင့် မိုဘိုင်းဖုန်း အပလီကေးရှင်းများမှာ ဂိမ်းကြော်ငြာများကို စိတ်အနှောက်ယှက်ဖြစ်လောက်အောင် ခပ်စိပ်စိပ် မြင်တွေ့လာရပါတယ်။

"တော်တော်တော့ စိတ်အနှောက်ယှက်ဖြစ်ရတယ်။ ကိုယ်လည်း စိတ်မဝင်စားဘဲ လာလာပေါ်နေတာ။ မက်ဆေ့တွေကလည်း လာပို့တယ်။ မက်ဆေ့မပို့ဖို့ပြောမလို့ သူတို့ဖုန်းတွေကို ဆက်တော့လည်း 

ဆက်မရဘူး။ သက်ဆိုင်ရာ အော်ပရေတာတွေက တစ်ခုခုတော့ လုပ်သင့်တယ်"လို့ စလော့ဂိမ်းကြော်ငြာ မက်ဆေ့များ ပေးပို့ခံရသူတစ်ဦးကပြောပါတယ်။

စလော့ဂိမ်းကြော်ငြာတွေက မိုဘိုင်းဖုန်းအသုံးပြုသူတွေဆီကို နည်းမျိုးစုံသော စာသားများကို အသုံးပြုပြီး ပေးပို့နေကြပါတယ်။ 

မက်လုံးပေး၍တစ်နည်း၊ ဆွဲဆောင်သောနည်းဖြင့်တစ်ဖုံ၊ မိန်းကလေးတစ်ယောက်အသွင်နဲ့ တစ်မျိုး နည်းမျိုးစုံစွာ စိတ်အခွင့်အရေး ချိုးဖောက်နေကြပါတယ်။

သို့ပေမဲ့ အခြေခံလူတန်းစားများအတွက် စလော့ဂိမ်းကလည်း ဂယ်ပေါက်တစ်ခုလည်း ဖြစ်နေပြန်တယ်။ စလော့ဂိမ်းနဲ့ ပိုက်ဆံရဖူးသူတွေ ရှိပါတယ်။ 

နည်းနည်းလေး ရတာမဟုတ်။ များများစားစား ရသူတွေပင် ရှိလေတယ်။ လစာကောင်းတယ်ဆိုတဲ့ လူတစ်ယောက်ရဲ့ တစ်လစာကို နာရီပိုင်းအတွင်း ရရှိသွားခြင်းမျိုးပင်။

ဒီလိုရခြင်းကပဲ ခဏခဏ ဂိမ်းဆော့ချင်စိတ်နဲဲ့ဂိမ်းအပေါ် မစွန့်လွတ်နိုင်ခြင်းကို ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ 

"ကျွန်တော်အရင်က စလော့ဂိမ်းမဆော့ဘူး။ ကြားဖူးတယ်။ ဒါဆော့ရင် မွဲလိမ့်မယ်ပေါ့။ ဒါကြောင့် မဆော့ဘူး။ အခုက လူတိုင်းနီးပါး ဆော့လာတယ်။ အဲဒါနဲ့ စမ်းကြည့်တာ။ ဂိမ်းစကားနဲ့ပြောရင် ပေါက်တယ်ပေါ့။

ပေးတယ်ပေါ့။ နာရီပိုင်းအတွင်း ခုနှစ်သိန်း နှစ်ခါ ရဖူးတယ်။ တကယ့်ကို နာရီပိုင်းပဲ။ ရဖူးထားတော့ ဘာဖြစ်လဲဆိုတော့။ ရတော့ ထုတ်ထားတယ်။ နောက်ပိုင်းကျတော့ ထပ်ထည့်ပြီးဆော့တယ်။ ပေးမှာပဲ 

ပေါက်မှာပဲဆိုပြီး တစ်ခါကုန် တစ်ခါထပ်ထည့်။ ဟုတ်တယ်။ ပေးတဲ့အချိန်တော့ ပေးတယ်။ နောက်ဆက်တွဲက ထပ်ပေးမလား ထပ်ပေးမလားဆိုပြီး ရထားတဲ့နီးပါးလောက် ပြန်ထည့်ရတယ်။ ဒါတောင် 

လောဘမကြီးလို့။ ရထားတယ်ဆိုပြီး ထပ်လိုက်သူတွေ ကုန်တာပဲ။ ရဖူးသူတွေ ပိုကုန်လိမ့်မယ်။ ရဖူးထားတာကိုး။ အတောမသတ်နိုင်ရင်မလွယ်ဘူး။ ပိုက်ဆံလိုအပ်နေချိန် ဂိမ်းပေါက်ရင်တော့

ကောင်းတာပေါ့"လို့ စလော့ဂိမ်းဆော့သူ တစ်ဦးက ပြောပါတယ်။

စလော့ဂိမ်းအများစုဟာ ပြည်ပမှာ အခြေစိုက်တာဖြစ်ပြီး အဲဒါကို ပြည်တွင်းကနေ ကုမ္ပဏီအဖြစ် ပြန်လည်ဝယ်ယူခြင်းဖြစ်ပါတယ်။ 

ကုမ္ပဏီအမည်ရဲ့အောက်မှာ ဂိမ်းအမျိုးအစားမျိုးစုံထည့်သွင်းပြီးတော့ လည်ပတ်နေခြင်းဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

သေချာတာတစ်ခုကတော့ စလော့ဂိမ်းတွေမှာ ထိုးသားနဲ့ ဒိုင်ပဲရှိပြီးတော့ ဒိုင်ကအရှုံးမရှိတဲ့ တစ်ဖက်သတ် ကြေးဖွင့်လောင်းကစားပဲဖြစ်ပါတယ်။ 

“ဒီနိုင်ငံမှာလက်ရှိလုပ်နေတဲ့စလော့ဂိမ်းတွေက နိုင်ငံခြားမှာ အခြေစိုက်တဲ့ ဂိမ်းတွေကို ပြန်ဝယ်ရတယ်။ ကုမ္ပဏီတွေရှိတယ်။ ဂိမ်းကုမ္ပဏီတွေပေါ့။ Pragmatic Play တို့။

အဲဒီဂိမ်းကုမ္ပဏီတွေအောက်မှာ ဂိမ်းအမျိုးအစားတွေအများကြီးထည့်ပေးထားတာ။ ကျွဲတွေဘာတွေဆိုတာလည်း အဲဒီအောက်မှာသွားတဲ့ဟာတွေပေါ့။ တခြားကုမ္ပဏီတွေလည်းရှိတယ်။

သူတို့ကို ရာခိုင်နှုန်းပေးရတယ်။ သူတို့ကလည်း ဘာလုပ်ပေးလည်းဆိုရင် ပေးတဲ့နှုန်းတွေဘာတွေချိန်ပေးတယ်။ လူစိတ်ဝင်စားမယ့်ဂိမ်းသစ်တွေထွက်တယ်။ သူတို့ဂိမ်းကိုလူများများဆော့အောင်လုပ်ပေးတယ်။

သူတို့ဂိမ်းကိုလူများများဆော့လေ ပမာဏပေါ်မူတည်ပြီး ရာခိုင်နှုန်းပေးရတာပေါ့လေ။ ကျားဖြန့်နဲ့တော့ မတူဘူး။ စလော့က Systematically အရ ပိုက်ဆံယူတာ။ သူ့မှာ ဒိုင်က အမြတ်ရှိပြီးသား။

ရှုံးစရာမရှိဘူး”လို့ IT ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ တစ်ရက်ထက်တစ်ရက် လောင်းကစားစလော့ဂိမ်းတွေကြောင့် ဘဝပျက်သွားတဲ့သူတွေ အများအပြားရှိနေပါတယ်။ တချို့ဆိုရင် စီးပွားရေးလုပ်ငန်းအရင်းအနှီးတွေပါ ကုန်ပြီးတော့ အကြွေးပတ်လည်ဝိုင်းသွားတာတွေ အများကြီးပါပဲ။

    ၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ လောင်းကစားဥဒေမှာတော့ ပုဒ်မအလိုက် ပြစ်ဒဏ်ချမှတ်ခံရမယ့်အခြေအနေကို ဖော်ပြထားပြီးတော့ အနည်းဆံး ထောင်ဒဏ်တစ်လကနေ ခြောက်လအထိ၊ ထောင်ဒဏ်

တစ်နှစ်ကနေ အများဆုံး သုံးနှစ်အထိ ချမှတ်နိုင်ပြီးတော့ ပြစ်မှုနဲ့ အကျုံးဝင်တဲ့ ငွေတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

    အလားတူ ၂၀၂၅ ခုနှစ်ဇူလိုင်လမှာ အာဏာတည်ခဲ့တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေမှာတော့ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ထောင်မယ်ဆိုရင် ထောင်ဒဏ်ခြောက်လကနေ တစ်နှစ်အထိ၊ ဒဏ်ငွေကိုတော့ ငါးသိန်းကနေ သိန်း၂ဝအထိ၊ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်းဖြစ်မယ်ဆိုရင် ကျပ် သိန်း ၂၀ ဒဏ်ငွေအပြင် လောင်းကစားခြင်းကနေရရှိတဲ့ အကျိုးအမြတ်အားလုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် အွန်လိုင်းလောင်းကစားနဲ့ ပတ်သက်ပြီး ငွေကြေးခဝါခမှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း ဆက်စပ်ပြီး အရေးယူနိုင်တယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံမှာ ကျွဲဖမ်းမယ်လို့ဆိုလိုက် တာနဲ့ စလော့ဂိမ်းဆော့မယ်ဆိုတာကို လူ တိုင်းနီးပါး သိရှိနေကြပါတယ်။ အရင်တုန်းကတော့ အွန်လိုင်းအသုံးပြုသူတွေကြားထဲမှာပဲ သိရှိကြပေမယ့်

အခုချိန်မှာတော့ အခြေခံ လူတန်းစားတွေရဲ့ကြားထဲမှာလည်း တော် တော်များများပျံ့နှံ့နေကြပါတယ်။ တနည်းပြောရမယ်ဆိုရင်တော့ အခြေခံလူတန်းစားတွေမှာလည်း ကျွဲဝှေ့ခံနေရပါတယ်။ ကျွဲဝှေ့ခံရတဲ့အတွက်

စီးပွားရေး၊ လူမှုရေးထိခိုက်မှု အများအပြားလည်း ရှိလာပါပြီ။ ဒီပြသာနာ ဒီထက်ပိုမကြီးထွားအောင် ကာယကံရှင်တွေမှာလည်း တာဝန်ရှိသလို သက်ဆိုင်ရာ အာဏာပိုင်တာဝန်ရှိသူတွေအနေနဲ့လည်း 

ထိန်းသိမ်းကြပ်မတ်ရမယ့် အခြေအနေမှာလည်း ရှိနေပြီလို့ ဆိုရမှာပဲဖြစ်ပါတယ်။

Most Read

Most Recent