■ လက်ပံတန်းမြို့နယ် ကွမ်းသီးတပင် ရေကာတာကျိုးပေါက်သည့်နေရာ၌ ရေကာတာ (ပန်းတာ)အသစ် တည်ဆောက်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် မြေယာလျော်ကြေး ရယူလိုပါက သက်ဆိုင်ရာ မြို့နယ် လယ်မြေစီမံခန့်ခွဲမှုအဖွဲ့များမှတဆင့် အဆင့်ဆင့်တင်ပြဆောင်ရွက်နိုင်ပြီး ရံပုံငွေရရှိပါက မြေယာလျော်ကြေးပေးအပ်သွားမည်ဟု ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာဝန်ကြီးဖြေကြား
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်ရှိ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကွမ်းသီးတပင် ရေကာတာကျိုးပေါက်သည့်နေရာ၌ ရေကာတာ(ပန်းတာ)အသစ် တည်ဆောက်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် မြေယာလျော်ကြေးရယူလိုပါက သက်ဆိုင်ရာ မြို့နယ် လယ်မြေ စီမံခန့်ခွဲမှုအဖွဲ့များမှတဆင့် အဆင့်ဆင့်တင်ပြဆောင်ရွက်နိုင်ပြီး ရံပုံငွေရရှိပါက မြေယာလျော်ကြေးပေးအပ်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာဝန်ကြီးက ပဲခူးတိုင်းဒေသကြီးလွတ်တော်တွင် ဖြေကြားခဲ့ကြောင်းသိရသည်။
ဇွန် ၉ ရက်နေ့က ကျင်းပသည့် တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လက်ပံတန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်ကိုမင်းမှ မေးမြန်းသော လက်ပံတန်းမြို့နယ်၊ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကွမ်းသီးတပင် ရေကာတာကျိုးပေါက်သည့်နေရာ၌ ရေကာတာ(ပန်းတာ)အသစ် တည်ဆောက်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအား သက်ဆိုင်ရာဌာနမှ မြေယာလျော်ကြေး အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း"နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာဝန်ကြီး ဦးကိုကိုဦးက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
၎င်းက ဧရာဝတီမြစ်ရေဟာမြစ်ရဲ့သဘောသဘာဝအရ နှစ်စဥ် သဲနုံးပို့ချခြင်း၊ သဲသောင်ထွန်းခြင်းတို့ကြောင့် မြစ်ကြောင်းပြောင်းလဲခြင်းများ ဖြစ်ပေါ်လျှက်ရှိကြောင်း၊ မြစ်ကမ်းပါးရေတိုက်စားခြင်းကြောင့် ရေထိန်း တာတမံများကို ထိခိုက်ပျက်စီးစေလျှက်ရှိပြီး မြစ်ချောင်းပြောင်းလဲခြင်းများကြောင့် တာကမ်းပြိုခြင်းများ မကြာခဏဖြစ်ပေါ်လျှက်ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်မှ မေးမြန်းထားသော ပန်းတာအား အသစ်တည်ဆောက်ရန်အတွက် ဌာနမှ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာလယ်သမားများနှင့်တွေ့ဆုံ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း၊ ပန်းတာအသစ် တည်ဆောက်ရာတွင် ပါဝင်သွားသောလယ်မြေများမှာ ပုံစံ(၇)ပေါက်ပြီး လယ်မြေများဖြစ်ပါသောကြောင့် လယ်မြေတန်ဖိုးအား ကာလတန်ဖိုးဖြင့်တွက်ချက်၍ နစ်နာကြေးရရှိရန် နိုင်ငံတော်သို့ တင်ပြပေးစေလိုကြောင်း တင်ပြ ဆွေးနွေးခဲ့သူများရှိခဲ့ကြောင်း၊ ယခုဆောင်ရွက်ပြီးသော ဧရာဝတီအရှေ့ဘက်ကမ်းမှ ပန်းတာ တည်ဆောက်ခြင်းလုပ်ငန်း ၂ ခု ဆောင်ရွက်ခဲ့သည်ကို မြို့နယ်မြေစာရင်းဦးစီးဌာန၏ တိုင်းတာစီစစ် ၊စစ်ဆေးချက်အရ ကွမ်းသီးတပင်ကျေးရွာအုပ်စုမှ ပုံစံ(၇)အမည်ပေါက် လယ်မြေ ၂၄.၀၂ ဧကနှင့် လုလင်ကျော်ကျေးရွာအုပ်စုမှ ပုံစံ(၇) အမည်ပေါက်လယ်မြေ ၂၂.၆၄ ဧက ရှိသည်ကို သိရှိရကြောင်း ဖြေကြားခဲ့သည်။
ဆက်လက်ပြီး အဆိုပါ ပန်းတာတည်ဆောက်ရာတွင် ပါဝင်သွားသော ပုံစံ( ၇) အမည်ပေါက်လယ်မြေများအတွက် မြေယာလျော်ကြေးများနှင့်ပတ်သက်ပြီး လျော်ကြေးရယူလိုသူ တောင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှတဆင့် တိုက်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များသို့ အဆင့်ဆင့်တင်ပြဆောင်ရွက်ပြီး အဆိုပါအဖွဲ့များမှ ညှိနှိုင်းသတ်မှတ်ထားသော သင့်တင့်မျှတသည့် နစ်နာကြေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံသို့ အတည်ပြုချက်ရယူသွားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ အတည်ပြုချက်ရယူပြီးသော အချိန်ကာလနှင့် နီးစပ်ရာဘတ်ဂျက်အတွင်း လျော်ကြေးငွေပေးလျော်မည့် ရံပုံငွေအား ဆည်မြောင်းဦးစီးဌာနမှ ရံပုံငွေ တောင်းခံသွားမည်ဖြစ်ကာ ရံပုံငွေရရှိပါက မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှတဆင့် သက်ဆိုင်ရာ တောင်သူများအား မြေယာလျော်ကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်တွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။















