ဆိုမာလီယာနိုင်ငံသား ဒိုင်လူကြီး အိုမာအဗ္ဗဒူကာဒီယာ အာတန်သည် အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့်မရသည့်အတွက် မကြာမီကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်တော့မည်မဟုတ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဇွန် ၈ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
အာတန်၏ ဖြစ်စဉ်နှင့်ပတ်သက်၍ CNN သတင်းဌာနက ဆက်သွယ်မေးမြန်းရာ အမေရိကန်အကောက်ခွန်နှင့် နယ်စပ်စောင့်ရှောက်ရေးအဖွဲ့ (CBP) ၏ ပြောရေးဆိုခွင့်ရှိသူက အစ္စတန်ဘူမှတစ်ဆင့် မိုင်ယာမီသို့ လေကြောင်းခရီးဖြင့် မစ္စတာအာတန်ရောက်ရှိလာချိန် ၎င်းကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ၊ ယင်းသို့စစ်ဆေးပြီးနောက် ဗီဇာစိစစ်ရေးဆိုင်ရာ စိုးရိမ်စရာများကြောင့် ၎င်းကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုရန် ဆုံးဖြတ်လိုက်ကြောင်း ဖြေကြားခဲ့သည်။ အသေးစိတ်ကိုမူ မပြောပေ။
ဆိုမာလီယာနိုင်ငံသည် ဒေါ်နယ်ထရန့်အစိုးရ၏ ခရီးသွားလာခွင့် ပိတ်ပင်ခံရသည့် နိုင်ငံ ၃၉ နိုင်ငံအနက် တစ်ခုအပါအဝင်ဖြစ်သည်။ မစ္စတာအာတန်သည် ၂၀၂၅ ခုနှစ်တွင် အာဖရိက၏ အကောင်းဆုံး အမျိုးသားဒိုင်လူကြီးအဖြစ် ရွေးချယ်ခံခဲ့ရပြီး ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ရန် အာဖရိကဘောလုံးအဖွဲ့ချုပ်က ရွေးချယ်စေလွှတ်လိုက်သူဖြစ်သည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖီဖာ၏ ပြောရေးဆိုခွင့်ရှိသူက " အိမ်ရှင်နိုင်ငံတွေရဲ့ ဗီဇာဆုံးဖြတ်ချက်တွေ အပါအဝင် လူဝင်မှုကြီးကြပ်ရေးကိစ္စတွေမှာ ဖီဖာအနေနဲ့ ပါဝင်ပတ်သက်ခွင့်မရှိပါဘူး။ ခုထိတော့ မစ္စတာအာတန်ရဲ့ အခြေအနေကို ပြောင်းလဲပေးမှာမဟုတ်ဘူးလို့ အာဏာပိုင်တွေဘက်က အကြောင်းကြားလာတယ်။ အရင်ဖီဖာပြိုင်ပွဲတွေရဲ့ ထုံးစံအတိုင်းပဲ ဘယ်သူ့ကို ဗီဇာပေးမလဲ၊ ဘယ်သူ့ကို ပေးဝင်မလဲဆိုတာ အိမ်ရှင်အစိုးရကပဲ နောက်ဆုံးမှာ ဆုံးဖြတ်ပေးတာ" ဟု တုံ့ပြန်ခဲ့သည်။
အမေရိကန်သို့ ပြည်ဝင်ခွင့် ပြဿနာတက်နေသည့်အထဲ အီရန်နိုင်ငံလည်း ပါသည်။ အီရန်ဘောလုံးအဖွဲ့ချုပ် အဆိုအရ အီရန်ဘောလုံးအသင်းသည် အမေရိကန်သို့ ဝင်ရောက်ခွင့်ရထားသော်လည်း ပွဲကစားရမည့်နေ့မတိုင်မီ တစ်ရက်အလိုမှသာ ဝင်ခွင့်ရခဲ့သည်။ထို့ပြင် အသင်းစီမံခန့်ခွဲရေး ဝန်ထမ်းအချို့၊ မီဒီယာသမားများနှင့် အမှုဆောင်ဒါရိုက်တာတစ်ဦးတို့က ယခုထိ ဗီဇာမရသေးပေ။
အီရန်အသင်းသည် လက်ရှိ မက္ကဆီကိုနိုင်ငံသို့ ရောက်နေပြီဖြစ်ပြီး ၎င်းတို့၏ ပထမဆုံးပွဲစဉ်အဖြစ် ဇွန် ၁၅ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့၌ နယူးဇီလန်အသင်းနှင့် ယှဉ်ပြိုင်သွားမည်။
Ref: CNN,Photo: AFP / Reuters















