နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၏ တရားလိုရှေ့နေချုပ်ဖြစ်သည့် ကာရင်မ် ခန်းသည် ၎င်းအပေါ် စွပ်စွဲထားသည့် လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်သော အပြုအမူလုပ်ဆောင်မှုနှင့်ပတ်သက်သည့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များ ပြီးဆုံးသွားခဲ့ပြီးနောက် ရာထူးမှ ဆိုင်းငံ့ခြင်း ခံလိုက်ရသည်။
ခန်းအပေါ် အရေးယူဆောင်ရွက်မှုများကို ၎င်း၏ အနာဂတ်ရာထူးအခြေအနေအား စဉ်းစားဆုံးဖြတ်နိုင်ရန် အဖွဲ့ဝင်နိုင်ငံများ၏ အထူးအစည်းအဝေးသို့ လွှဲပြောင်းပေးရန် အမှုဆောင်ကော်မတီက မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဇွန် ၈ ရက်ညနေပိုင်းတွင် ICC ၏ အုပ်ချုပ်ရေးအဖွဲ့က ယခုဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။
ဂါဒီယန်းသတင်းစာက မြင်တွေ့ခဲ့ရသည့် စာရွက်စာတမ်းတစ်ခုအရ တရားရုံးအဖွဲ့ဝင် ၂၁ နိုင်ငံပါဝင်သော ကော်မတီသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ခန်းအနေဖြင့် ကြီးလေးသည့် လက်မခံနိုင်သော အပြုအမူကို ကျူးလွန်ခဲ့ကြောင်း မဲအများစုဖြင့် ဆုံးဖြတ်ခဲ့ကြသည်။
ဗြိတိန်နိုင်ငံ၏ ထင်ရှားကျော်ကြားသော ရှေ့နေတစ်ဦးဖြစ်သူ ခန်းကမူ ၂၀၂၄ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သည့် အဆိုပါ စွပ်စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆိုထားသည်။
ထိုစွပ်စွဲချက်များကို သည်ဟိဂ်မြို့ ရှိ ICC ဌာနချုပ်တွင် ၎င်းနှင့်အတူ အလုပ်လုပ်ခဲ့သည့် အမျိုးသမီးတစ်ဦးက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အရေးယူဆောင်ရွက်မှုများကို ICC ၏ အဖွဲ့ဝင် ၁၂၅ နိုင်ငံထံ လွှဲပြောင်းပေးရန် ဆုံးဖြတ်ချက်သည် ယခုကဲ့သို့ နောက်ဆုံးအဆင့် အယူခံတရားရုံးမျိုးအတွက် သမိုင်းတွင် တစ်ခါမျှ မရှိဖူးသေးသည့် မကြုံစဖူး ထူးခြားသော လုပ်ရပ်တစ်ခုဖြစ်ပြီး တရားလိုရှေ့နေချုပ်အား ရာထူးမှ ဖယ်ရှားခြင်း ရှိ၊ မရှိ မဲခွဲဆုံးဖြတ်မှုအထိ ဦးတည်သွားနိုင်သည်။
အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ခန်းအား ရာထူးမှ ဆိုင်းငံ့ရန် ဆုံးဖြတ်ခြင်းသည် နောက်ဆုံးထွက်ပေါ်လာမည့် ရလဒ်ကို အတည်ပြုခြင်း မဟုတ်ကြောင်း ဟု ဖော်ပြထားသည်။
Ref: The Guardian
Photos- AFP















