အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တိုက်ရိုက်ဆက်သွယ်မှုမရှိခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။
ထရန့်က အမေရိကန်အစီုးရသည် အဆင့်မြင့်ကိုယ်စားလှယ်များမှတစ်ဆင့် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ဟစ်ဇ်ဘိုလာအဖွဲ့၏ ပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်အစိုးရသည် ဟစ်ဇ်ဘိုလာအဖွဲ့၏ စစ်ရေးနှင့် နိုင်ငံရေးအဖွဲ့နှစ်ခုစလုံးကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး မကြာသေးမီကလည်း ဟစ်ဇ်ဘိုလာအဖွဲ့မှ လွှတ်တော်အမတ်အချို့ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။
ထရန့်သည် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ဖုန်းအဆက်အသွယ်ရှိကြောင်း မပြောကြားမီ နှစ်ရက်အလိုက အစ္စရေးသည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် တောင်ဘက်ဆင်ခြေဖုံးရပ်ကွက်များကို ဗုံးကြဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့၏ ထိပ်သီးအရာရှိ မာမွတ်ကိုမာတီကမူ ထရန့်နှင့် ဟစ်ဇ်ဘိုလာအရာရှိများကြား တိုက်ရိုက်အဆက်အသွယ်မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့သည် အမေရိကန်က ကြားဝင်စေ့စပ်ပေးခဲ့သည့် အစ္စရေးနှင့် လက်ဘနွန်အစိုးရကြား အပစ်အခတ်ရပ်စဲရေးကိုလည်း ငြင်းဆိုထားသည်။















