နျူကလီးယားစစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ရေတပ်၏စွမ်းဆောင်ရည်ကို မြှင့်တင်ရန် လိုအပ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ကင်သည် မြောက်ကိုရီးယားရေတပ်၏ Kang Kon ဖျက်သင်္ဘောထံ သွားရောက်ကာ စမ်းသပ်မောင်းနှင်မှုကို ကြီးကြပ်ခဲ့သည်ဟုလည်း KCNA က ဖော်ပြခဲ့သည်။
တရုတ်သမ္မတ ရှီကျင်းပင်သည် ပြီးခဲ့သည့်လက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နှင့် ထိပ်သီးတွေ့ဆုံပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် ဇွန် ၈ ရက်မှ ၉ ရက်နေ့အထိ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နှင့် မြောက်ကိုရီးယားအစိုးရတို့က ထုတ်ပြန်ခဲ့ပြီးနောက် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ကင်သည် မကြာသေးမီနှစ်များအတွင်း မြောက်ကိုရီးယား၏ ရေတပ်စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ကတိပြုခဲ့ပြီး ပြီးခဲ့သည့်နှစ် မေလအတွင်းက Kang Kon ဖျက်သင်္ဘောကို ရေချစမ်းသပ်ရာတွင် ကိုယ်တိုင်ကြီးကြပ်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။
ထို့နောက် အဆိုပါသင်္ဘောကို နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ပြီး တစ်လအကြာတွင် ပြန်လည်ရေချခဲ့သည်။
ဇူလိုင် ၄ ရက်က သွားရောက်ခဲ့သည့် ထိုလေ့လာရေးခရီးစဉ်အတွင်း ကင်က ရေတပ်အင်အားစုကို နျူကလီးယားစစ်ပွဲ တားဆီးနှိမ်နင်းရေးကဏ္ဍတွင် ယုံကြည်စိတ်ချစွာ တာဝန်ယူနိုင်သော အင်အားစုတစ်ခုအဖြစ် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ဆောင်ခြင်း၏ အရေးပါပုံကို အလေးပေးပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
ရေမျက်နှာပြင်အထက်နှင့် ရေအောက်ရှိ ရန်သူများကို ပြင်းထန်စွာ ထိုးနှက်နိုင်မည့် ရေတပ်အင်အားစုတစ်ခု တည်ဆောက်ခြင်းသည် အာဏာရပါတီ၏ လက်ရှိ ငါးနှစ်တာ ကာကွယ်ရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၏ အဓိကရည်မှန်းချက်ဖြစ်ကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့သည်။
ကင်သည် ၎င်း၏သမီးဖြစ်သူ ကင်ဂျူအဲ (Kim Ju Ae) နှင့်အတူ ထိပ်သီးအရာရှိကြီးများကို ခေါ်ဆောင်ပြီး အဆိုပါဖျက်သင်္ဘောထံ သွားရောက်ခဲ့ကြောင်း KCNA က ထုတ်ပြန်သည့် ဓာတ်ပုံများတွင် တွေ့ရှိရသည်။
Ref: AFP















