ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ရွှေဘုံသာကျေးရွာတွင် ကလေးငယ်သုံးဦး အပါအဝင် မိသားစုဝင်ငါးဦး အသတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထိုမိသားစုဝင်များမှာ ရွှေဘုံသာကျေးရွာအပြင်ဘက် လယ်ကွင်းရှိ လယ်တဲတွင် နေထိုင်ကြသူများဖြစ်ကြကြောင်း၊ ၎င်းမိသားစုဝင်ငါးမှာ ပြီးခဲ့သည့် ဇွန် ၁ ရက်ကတည်းက အသတ်ခံရခြင်းဖြစ်ကြောင်းနှင့် ဇွန် ၃ ရက်မှသာ ပတ်ဝန်းကျင်မှ ဒေသခံများက တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “အသတ်ခံရသူတွေက ရွှေဘုံသာရွာက ဦးအေးစိုးဆိုသူရဲ့မိသားစုဝင်တွေပါ။ သူတို့ထဲက အသက် (၄) နှစ်အရွယ် မိန်းကလေးငယ်က ဦးခေါင်းဒဏ်ရာတွေနဲ့ မသေသေးဘဲ အသက်ရှင်လျှက် တွေ့ခဲ့ရပေမယ့် ဆေးရုံပို့ပြီးမကြာခင်မှာ သေဆုံးသွားရတာပါ” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
အသတ်ခံထားရသူများမှာ အသက် (၅၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အတူ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် (၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် (၁၁) နှစ်အရွယ် ယောကျင်္ားလေးတစ်ဦးတို့ဖြစ်ကြကြောင်း၊ အသက် (၃၈) နှစ်အရွယ် အမျိုးသမီးနှင့် ကလေးငယ်သုံးဦးမှာ သားအမိများဖြစ်ကြကြောင်းနှင့် ၎င်းတို့မှာ ကလေးငယ်များ၏ ပညာရေးအတွက် ရွှေဘုံသာကျေးရွာသို့ ပြောင်းရွှေ့လာသည်မှာ မကြာသေးကြောင်း ၎င်းဒေသခံက ဆိုသည်။
အသက်ခံခဲ့ရသည့် အသက် (၈) နှင့်အရွယ် မိန်းကလေးငယ်နှင့် အသက် (၁၁) နှစ်အရွယ် ယောကျင်္ားလေးတို့မှာ ရွှေဘုံသာကျေးရွာရှိ အလယ်တန်းကျောင်း (ခွဲ) တွင် ပညာသင်ကြားနေကြသူများဖြစ်ကြကြောင်းနှင့် ကျောင်းတစ်ရက်သာ တက်ရသေးကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ကလေးငယ်များ အပါအဝင် မိသားစုဝင်ငါးဦး အသတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာကလည်း ကျူးလွန်သူဟု ယူဆသူများအား ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း သတင်းရရှိသည်။
ထိုအသတ်ခံရသည့် မိသားစုဝင်ငါးဦး၏ ရုပ်အလောင်းများအား ဇွန် ၄ ရက်နေ့က ရွှေဘုံသာကျေးရွာရှိ သုဿာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေဘုံသာကျေးရွာမှာ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သင်ဘန်းကန်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး စစ်တောင်းမြစ်ကမ်းဘေးတွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။
Photo Credit - CJ















