■ မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြား​ရေးဝန်ကြီးများ ​​​​ပေကျင်းတွင် တွေ့ဆုံ​၍ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး ​ဆွေး​နွေး

■ မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြား​ရေးဝန်ကြီးများ ​​​​ပေကျင်းတွင် တွေ့ဆုံ​၍ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး ​ဆွေး​နွေး
Published 5 June 2026

■ မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြား​ရေးဝန်ကြီးများ ​​​​ပေကျင်းတွင် တွေ့ဆုံ​၍ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး ​ဆွေး​နွေး



■ တရုတ်နှင့် မြန်မာနိုင်ငံ ထိပ်သီးခေါင်းဆောင်များ အပြန်အလှန် ကူးလူးဆက်ဆံမှုကို တိုးမြှင့်ရန်၊ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ရန်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို  နက်ရှိုင်းစေရန်နှင့် လက်တွေ့ကျသော အောင်မြင်မှုရလဒ်များ ပိုမိုရရှိစေရန် တွန်းအားပေးလို​ကြောင်း တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ​ပြောကြား



မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြား​ရေးဝန်ကြီးများ ​​​​ပေကျင်းမြို့တွင် ဇွန် ၅ ရက်က တွေ့ဆုံ​ဆွေး​နွေးခဲ့​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့်  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ အား ဇွန် ၅  ရက်တွင် ပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ သွားရောက်တွေ့ဆုံခဲ့​ကြောင်း သိရသည်၊

အဆိုပါနှစ်ဖက်တွေ့ဆုံမှုတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်မှုအပါအဝင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများတွင် တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီသွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့​ကြောင်း သိရသည်။

ထို့ပြင် နယ်စပ်ဒေသများရှိ အွန်လိုင်းလိမ်လည်မှုများနှင့် တရားမဝင်လုပ်ငန်းများကို အိမ်နီး ချင်းကောင်းပီသစွာ အတူတကွ ပူးပေါင်းတိုက်ဖျက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင်လည်း နှစ်နိုင်ငံအပြန်အလှန်ထောက်ခံရပ်တည်ပြီး အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့​ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံအား အစဉ်တစိုက် ထောက်ခံအားပေးမှုနှင့် ကူညီပံ့ပိုးပေးမှုများ၊ အထူးသဖြင့် မြေငလျင်အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒ နှင့် တရုတ်နိုင်ငံ အကြီးအကဲ၏ ကမ္ဘာလုံးဆိုင်ရာ အစီအမံ (၄) ရပ်အပေါ်  အပြည့်အဝထောက်ခံပြီး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာ များတွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် SCO နှင့် လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စသည့် မူဘောင်များအောက်ရှိ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် အလေးအနက်ထားပြောကြားခဲ့​ကြောင်းသိရသည်။

အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊  မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီတည်ဆောက်မှုတွင် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသည့် လမ်းကြောင်းဖြင့် လျှောက်လှမ်းနေမှုကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံခြား​ရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

ထို့အတူ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုကိုမြှင့်တင်သွားပြီး၊ ကဏ္ဍစုံ၌ အကျိုးတူပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့​ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် နှစ်နိုင်ငံဝန်ကြီးများ​တွေ့ဆုံမှု၌ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက  တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၆ နှစ်တာကာလအတွင်း နှစ်နိုင်ငံလုံးသည် အတူတကွ ဦးဆောင်ဦးရွက်ပြုခဲ့ကြသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ကြီးမြတ်သော မူငါးရပ်ကို ခိုင်မာစွာ လက်ကိုင်စွဲထားပြီး၊ အေးအတူပူအမျှ၊ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီကာ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၏ စံပြနမူနာကို ထူထောင်နိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်သည် တရုတ်-မြန်မာ ဆက်ဆံရေးကို အေးအတူပူအမျှ အသိုက်အဝန်း အတူတည်ဆောက်သည့် ခေတ်ကာလသစ်သို့ တွန်းအားပေးဝင်ရောက်စေခဲ့​ကြောင်း၊ယခုနှစ်သည် မြန်မာအစိုးရသစ်၏ ပထမဆုံး အုပ်ချုပ်သည့်နှစ်ဖြစ်​ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ထိပ်သီးခေါင်းဆောင်များ အပြန်အလှန် ကူးလူးဆက်ဆံမှုကို တိုးမြှင့်ရန်၊ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ရန်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးတွင် လက်တွေ့ကျသော အောင်မြင်မှုရလဒ်များ ပိုမိုရရှိစေရန် တွန်းအားပေးလိုပြီး၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပြန်လည်ဦးမော့လာရေးကို အရှိန်အဟုန်မြှင့် ကူညီပေးလိုကြောင်း ပြောကြားခဲ့သည်ဟု ​ဖော်ပြထားသည်။

ယင်းအပြင် မစ္စတာဝမ်ယိက တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသည့် မူဝါဒကို အမြဲတစေ ဆုပ်ကိုင်ထားပြီး၊ မြန်မာပြည်သူများ၏ ရွေးချယ်မှုကို လေးစားကာ၊ မိမိနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်အတိုင်း လျှောက်လှမ်းခြင်းကို အားပေးထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဖော်ဆောင်ခြင်းကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်းကို ထောက်ခံကြောင်း၊တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ Belt and Roadကို အရည်အသွေးမြင့်မားစွာ အတူတကွ တည်ဆောက်လိုပြီး၊ ငလျင်အလွန် ပြန်လည်ထူထောင်ရေး၊ ပြည်သူ့လူနေမှုဘဝနှင့်ယဉ်ကျေးမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အဓိကစီမံကိန်းများကို တည်ငြိမ်စွာ တွန်းအားပေးလိုကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုစသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းပြီး၊ တရုတ်-မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းလိုကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို မြန်မာနိုင်ငံဘက်မှ တိကျသေချာစွာအာမခံပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ နှစ်ဦးနှစ်ဖက်စလုံးအနေဖြင့် ကဏ္ဍစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ပြီး နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ပြောကြားသည်ဟု သံရုံးက ထုတ်ပြန်သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ကိုယ်စားလှယ်အဖွဲ့အား နေ့လယ်စာဖြင့်  တည်ခင်း ဧည့်ခံခဲ့​သည်။

 ထို့နောက် ပြည်​ထောင်စုဝန်ကြီးဦးတင်​မောင်​ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာလီဟုန်ကျုံးအား ညနေပိုင်းတွင် ပြည်သူ့ခန်းမဆောင်၌ သွားရောက်တွေ့ဆုံ၍ လွှတ်တော်နှင့် အစိုးရသစ်မှ ဆောင်ရွက်သွားမည့် လုပ်ငန်းကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် ကဏ္ဍသစ်ဖွင့်လှစ်နိုင်ရေးကိစ္စ၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ်  အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent