လက်ဘနွန်၌ ကုလသမဂ္ဂငြိမ်းချမ်းရေးမစ်ရှင် ပြီးဆုံးသည့်အခါ ယင်းနိုင်ငံ၌ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင် လိုအပ်လိမ့်ဦးမည်ဟု ကုလအတွင်းရေးမှူးချုပ် ပြောကြား

လက်ဘနွန်၌ ကုလသမဂ္ဂငြိမ်းချမ်းရေးမစ်ရှင် ပြီးဆုံးသည့်အခါ ယင်းနိုင်ငံ၌ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင် လိုအပ်လိမ့်ဦးမည်ဟု ကုလအတွင်းရေးမှူးချုပ် ပြောကြား
Published 2 June 2026
Ref:AFP

လက်ဘနွန်၌ တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂငြိမ်းချမ်းရေး မစ်ရှင် ယခုနှစ်ကုန်တွင် ပြီးဆုံးသည့်အခါ ယင်းနိုင်ငံ၌ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်သားများ လိုအပ်လိမ့်ဦးမည်ဟု ဇွန် ၁ ရက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ထုတ်ဖော်ပြောကြားသည်။

လက်ဘနွန်နိုင်ငံ၌ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်သားများ ဆက်လက်ချထားမည့်ကိစ္စကို အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က ကန့်ကွက်ဖွယ်ရာရှိနေသည်။

အမေရိကန်ဖိအားပေးမှုကြောင့် လွန်ခဲ့သော သြဂုတ်လတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်ဘနွန်နိုင်ငံ၌ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ချထားရန် လုပ်ပိုင်ခွင့်အာဏာအား ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အဆုံးသတ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

သို့ရာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အထူးသဖြင့် လက်ဘနွန်နှင့် အစ္စရေးနယ်စပ်ကို ပိုင်းခြားထားသော  ၇၅ မိုင် (ကီလိုမီတာ ၁၂၀) ရှည်လျားသောမျဉ်းကြောင်းပြာကို စောင့်ကြည့်ရန် လက်ဘနွန်၌ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်သားများ ဆက်လက်ချထားရေးကို ခွင့်ပြုရန် ဇွန် ၁ ရက်တွင် ရွေးချယ်စရာ နည်းလမ်းများအား အဆိုပြုရန်ဂူတာ ရက်စ်ကို မေတ္တာရပ်ခံထားသည်။

အဆိုပါမျဉ်းကြောင်းပြာသည် အစ္စရေး -ဟစ်ဇဘိုလာစစ်ပွဲ၏အလယ်ခေါင်တည့် တည့်ကို ရောက်နေသည်။

ဇွန် ၁ ရက်တွင် AFP သတင်းထောက် တွေ့ခဲ့သည့် လုံခြုံရေးကောင်စီထံပေးပို့သော အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ ဂူတာရက်စ်က နည်းလမ်းသုံးခုအဆိုပြုထားကြောင်းတွေ့ရသည်။ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန်နှင့် လက်ဘနွန်စစ်တပ်ကို အကူအညီပေးနိုင်ရန် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်သား ၂၀၀၀ နီးပါးမှသည် ၅၅၀၀ ကျော်အထိ ချထားရေးကို အတွင်းရေးမှူးချုပ်က အဆိုပြုထားသည်။

“အဆိုပြုထားတဲ့ နည်းလမ်းအားလုံးအရ ယူနီဖောင်းဝတ် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်သားတွေဟာ ပဋိပက္ခအရှိန် လျှော့ချရေးကို ဆောင်ရွက်ရမယ်၊ စေ့စပ်ဆွေးနွေးတာကို အကူအညီပေးရမယ်၊ ဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးတို့ကို အကူအညီပေးရမယ်။ လက်ဘနွန်စစ်တပ်ကို အကူအညီပေးရမယ်။ အဲဒါတွေဟာ ပဋိပက္ခအတွက် ကာလရှည် ဖြေရှင်းနည်းနဲ့သက်ဆိုင်တဲ့ ဆက်စပ်လွှမ်းခြုံနေတဲ့ ရည်မှန်းချက်ဆီ သွားဖို့လိုအပ်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆယ်စုနှစ်ချီ ဖြစ်ပွားနေသော တိုက်ပွဲများအဆုံးသတ်ရေးအတွက် အစ္စရေးနှင့် လက်ဘနွန်တို့ တိုက်ရိုက်ဆွေးနွေးနေပြီး  တောင်ပိုုင်းလက်ဘနွန်၏နယ်စပ်ဒေသများ ကို အစ္စရေးတပ်ဖွဲ့များက သိမ်းပိုက်နေချိန်တွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိိန်းသိမ်းမှု တပ်သားများ ထွက်ခွာခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ပေါ်ပေါက်စေခဲ့သည်။

လက်ဘနွန်ရှိကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ (UNIFIL) သည် နိုင်ငံ ၅၀ ခန့်မှ ငြိမ်းချမ်းရေးတပ်သား ၇၅၀၀ ခန့်ကို  လက်ခံထားသည်။ ၎င်းတို့ကို မျဉ်းကြောင်းပြာအနီးရှိ လက်ဘနွန်နိုင်ငံ၏တောင်ပိုင်းတွင် ဖြန့်ကြက်ထားသည်ဟု သိရသည်။

 

         

Most Read

Most Recent