အင်ဒိုနီးရှားတွင် ဒုတိယကမ္ဘာစစ်လက်ကျန်ဟု သံသယရှိသော ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ငါးဦး သေဆုံး

အင်ဒိုနီးရှားတွင် ဒုတိယကမ္ဘာစစ်လက်ကျန်ဟု သံသယရှိသော ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ငါးဦး သေဆုံး
Published 1 June 2026

အင်ဒိုနီးရှားတံငါရွာတစ်ခုတွင် ဒုတိယကမ္ဘာစစ်လက်ကျန်ဟု သံသယရှိသော ဗုံးသီးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ငါးဦး သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ မငြိမ်မသက်ဖြစ်နေသော အရှေ့ပိုင်းပါပူအာဒေသတွင် မေ ၃၁ ရက်မွန်းလွဲပိုင်းက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးကြောင့် ဒေသခံများ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး

ပေါက်ကွဲမှုနှင့်အတူ မီးလုံးကြီးတစ်လုံး ထွက်ပေါ်လာကာ နောက်ဆက်တွဲအဖြစ် မီးခိုးလုံးကြီးများ  တက်လာခဲ့ကြောင်း Kompas TV က ထုတ်လွှင့်ပြသခဲ့သည့် ရုပ်သံမှတ်တမ်းအရ သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် နေအိမ်ကိုးလုံး ပျက်စီးခဲ့သည်။

 "ပေါက်ကွဲမှုရဲ့ အရင်းအမြစ်ဟာ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံး ဒါမှမဟုတ် မော်တာကျည်ဆန်တစ်ခု ဖြစ်မယ်လို့ သံသယရှိပါတယ်"ဟု ပါပူအာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကာရိုဆူကာနီတိုက အေအက်ဖ်ပီ သတင်းကို ပြောပြခဲ့သည်။

လက်ရှိတွင် လူသုံးဦး ပျောက်ဆုံးနေဆဲဖြစ်သော်လည်း ခန္ဓာကိုယ်အစိတ်အပိုင်း အချို့ကိုမူ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားအတည်ပြုနိုင်ခြင်း မရှိသေးဟု  ကာရိုကဆိုသည်။

ထို့ပြင် အနည်းဆုံး လူ ၁၉ ဦးခန့်မှာ ဒဏ်ရာရရှိခဲ့သဖြင့် ကုသမှုခံယူခဲ့ရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

"သေဆုံးသူတွေကို ရှာဖွေတာနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးသွားရင် နောက်ထပ် အခြေအနေတွေကို ထပ်မံထုတ်ပြန်ပေးသွားမှာပါ" ဟု ကာရိုက ပြောသည်။

ပြီးခဲ့သည့်နှစ်က ဂျာဗားအနောက်ပိုင်းပြည်နယ်တွင် အင်ဒိုနီးရှားစစ်တပ်က သုံးမရတော့သော ခဲယမ်းမီးကျောက်များကို ကျင်းတစ်ခုအတွင်း ဖောက်ခွဲဖျက်ဆီးရန် ကြိုးပမ်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အရပ်သားကိုး ဦးအပါအဝင် စုစုပေါင်း လူ ၁၃ ဦး သေဆုံးခဲ့ဖူးသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်ဖွဲ့များသည် ထိုစဉ်က ဒတ်ခ်ျအရှေ့အိန္ဒိယကျွန်းစုဟု ခေါ်တွင်သော အင်ဒိုနီးရှားနိုင်ငံကို သိမ်းပိုက်ခဲ့ပြီး မဟာမိတ်တပ်များက ပြန်လည်ထိန်းချုပ်နိုင်ရန် တိုက်ခိုက်ခဲ့ကြသဖြင့် အင်ဒိုနီးရှားသည် စစ်ပွဲအတွင်း အဓိကတိုက်ပွဲဇုန်တစ်ခု ဖြစ်ခဲ့သည်။

Ref:AFP

Most Read

Most Recent