ရုရှားဒရုန်းတစ်စင်းက နေတိုးအဖွဲ့ဝင် ရိုမေးနီးယားနိုင်ငံရှိ လူနေတိုက်ခန်းတွဲကို ထိမှန်ခဲ့သည်ဟု ရိုမေးနီးယားကာကွယ်ရေး ဝန်ကြီးဌာနက မေ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းနယ်စပ်အနီးရှိ ရိုမေးနီးယားမြို့၌ လူနေတိုက်ခန်းတွဲ ဒရုန်းဖြင့်တိုက်ခိုက်ခံရသောကြောင့် နှစ်ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။
စစ်မက်ဖြစ်ပွားနေသောနှစ်နိုင်ငံဖြစ်သည့် ရုရှား၊ ယူကရိန်းတို့နှင့် နယ်နိမိတ်ထိစပ်နေသော နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ညအချိန်လေကြောင်းကျူးကျော်မှုများဆက် တိုက်ဖြစ်ပေါ်လာသောကြောင့် တိုးလာသော အန္တရာယ်များကို ရင်ဆိုင်နေရသည်။ လမ်းလွှဲရောက်လာသော ယူကရိန်းဒရုန်းကြောင့် နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်များ ဝေဖန်ခံရပြီးနောက် လွန်ခဲ့သောသီတင်းပတ်များတွင် လတ်ဗီးယားအစိုးရအဖွဲ့ပြိုကွဲသည်အထိ ဖြစ်ခဲ့ရသည်။ လတ်ဗီးယားသည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည်။
“မေ ၂၈-၂၉ ညအတွင်း ရုရှားဖက်ဒရေးရှင်းက ရိုမေးနီးယားနဲ့နယ်စပ်မြစ်အနီး ယူကရိန်းက အရပ်သားအဆောက်အအုံ ပစ်မှတ်တွေကို ဒရုန်းနဲ့တိုက်ခိုက်တာတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်” ဟု ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“အဲဒီထဲက ဒရုန်းတစ်စင်းဟာရိုမေးနီးယားလေပိုင်နက်ထဲကို ဝင်လာခဲ့ပါတယ်။ ဒရုန်းကို ဂါလာတီမြို့ရဲ့တော်ဘက်ဖျား လောက်အထိဝေးတဲ့နေရာအထိ ရေဒါက ခြေရာခံခဲ့ပါတယ်။ ဒရုန်းဟာ လူနေတိုက်ခန်းတွဲရဲ့ခေါင်မိုးပေါ်မှာ ပျက်ကျသွားခဲ့ပါတယ်။ ဒါကြောင့် မီးပါလောင်ခဲ့ပါတယ်” ဟု ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပွန်းပဲ့ ဒဏ်ရာရသူနှစ်ဦးသည် ဆေးကုသမှုခံယူရန်လိုအပ်ခဲ့သည်ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့ပြီး မီးကို ငြှိမ်းသတ်ခဲ့သည်ဟု ဆိုသည်။
ရိုမေးနီးယားပိုင်နက်ထဲ ဒရုန်းကျူးကျော်ဝင်ရောက်မှုများသည် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ကတည်းက အကြိမ်ရေ ဒါဇင်ချီရှိခဲ့ကြောင်း ထောက်လှမ်းတွေ့ရှိခဲ့သည်။ သို့သော် ယခုတစ်ကြိမ် ဝင်လာသောဒရုန်းက လူနေအဆောက်အအုံကို ထိမှန်ခြင်းမှာ ပထမဆုံးဖြစ်ရပ်ဖြစ်သည်။
ရိုမေးနီးယားလေပိုက်နက်ထဲတွင် ဒရုန်းများကို တွေ့ခဲ့ပြီးနောက် F-16 တိုက်လေယာဉ်နှစ်စင်းကို အမြန်ပျံတက်စေခဲ့သည်ဟု ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရုရှားတိုက်ခိုက်မှုများဖြစ်လာမည်ကို တွက်ဆလျက် အိမ်နီးချင်းယူကရိန်းနိုင်ငံတွင်မူ ညအချိန် တစ်နိုင်ငံလုံး လေကြောင်း သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။ ယူကရိန်းတောင်ပိုင်း၏ဇာပိုရီရှားတွင် တိုက်ခိုက်ခံရသဖြင့် အနည်းဆုံး နှစ်ဦး ဒဏ်ရာရသွားခဲ့သည်ဟု ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။
ရုရှားက စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို အပြင်းထန်ဆုံးတိုက်ခိုက်မှုကို မေ ၂၃ ရက်တွင် လုပ်ဆောင်ခဲ့ပြီးနောက် ညအချိန် ဒရုန်းများကျူးကျော်ဝင်ရောက်မှုဖြစ် ပေါ်လာခြင်းဖြစ်သည်။
အသိမ်းပိုက်ခံ ယူကရိန်းနယ်မြေထဲက စာသင်ကျောင်း၌ ၂၁ ဦးသေဆုံးစေခဲ့သော ယူကရိန်းတိုက်ခိုက်မှုကို လက်တုံ့ပြန်မည်ဟု ရုရှားက ပြောကြားခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ယူကရိန်းကို ဟိုက်ပါဆောနစ်ပဲ့ထိန်း ကျည်အပါအဝင် ဒုံးကျည်များ၊ ဒရုန်းရာပေါင်း များစွာတို့ဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်း အုပ်ချုပ်ရေးတည်နေရာများရှိရာ ကိယက်ဗ်ကို စနစ်တကျ တိုက်ခိုက်မှုများလုပ်မည်ဟု ရုရှားက ပြောခဲ့သည်။
Ref;AFP















