အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးနိုင်ကြောင်း WHO အကြီးအကဲ ပြောကြား

အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးနိုင်ကြောင်း WHO အကြီးအကဲ ပြောကြား
Published 29 May 2026

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာကွန်ဂို)တွင် လူပေါင်း ၂၀၀ ကျော် သေဆုံးစေခဲ့သော အီဘိုလာကူးစက်မြန်ရောဂါကို တားဆီးနိုင်ကြောင်းနှင့်  ရောဂါတိုက်ဖျက်ရေးကို ကိုယ်တိုင်ကြီးကြပ်ရန် ဒီအာကွန်ဂိုသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂကျန်းမာရေးအကြီးအကဲက မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီး အကဲ တက်ဒရိုအာဒါနွန်ဂီဘရီယေဆု စီးနင်းလာသည့် လေယာဉ်သည် မေ ၂၈ ရက်ညနေပိုင်းတွင် မြို့တော် ကင်ရှာဆာသို့ ဆိုက်ရောက်ခဲ့ပြီး မေ ၂၉ ရက်နေ့တွင် ရောဂါအဆိုးရွားဆုံး ဖြစ်ပွားရာ ဒီအာကွန်ဂိုအရှေ့မြောက်ပိုင်းရှိ အီတူရီပြည်နယ်သို့ သွားရောက်မည်ဖြစ်သည်။

တက်ဒရိုက “ဒီအရာ(အီဘိုလာ)ကို တားဆီးနိုင်ပါတယ်” ဟု ပြောကြားခဲ့ပြီး ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများသည် ရောဂါတိုက်ဖျက်ရေးအတွက် အလွန်အထောက်အကူမပြုသဖြင့် WHO အနေဖြင့် ယင်းပိတ်ပင်မှုများကို ထောက်ခံမည်မဟုတ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အတူတကွ ပူးပေါင်းပြီး ဒီကူးစက်ရောဂါကို ကျော်လွှားကြမှာပါ” ဟု အစောပိုင်းတွင် ပြောကြားခဲ့ပြီး ကူညီရန်အတွက် မိမိ၏စွမ်းဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

မေလ ၂၄ ရက်အထိ ထွက်ပေါ်လာသော WHO ၏ နောက်ဆုံးကိန်းဂဏန်းများအရ မေလ ၁၅ ရက်တွင် ရောဂါကူးစက်မှု စတင်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်းဒီအာကွန် ဂို၌ အီဘိုလာဖြင့် သေဆုံးသူ အတည်ပြုလူနာ ၁၀ ဦးနှင့် သံသယလူနာ ၂၂၃ ဦးရှိနေပြီး အတည်ပြုနှင့် သံသယရှိသူ စုစုပေါင်း ၁၀၀၀ ကျော်ရှိပြီဖြစ်သည်။

သို့သော်လည်း ထိုကူးစက်ရောဂါသည် အချိန်အတန်ကြာကတည်းက သတိမထားမိဘဲ ပျံ့နှံ့နေခဲ့ခြင်းဖြစ်နိုင်သဖြင့် အမှန်တကယ် ပျံ့နှံ့မှုအခြေအနေမှာ ယခုထက်များစွာ ပိုမိုကျယ်ပြန့်နိုင်ကြောင်း WHO က သတိပေးထားသည်။

ယခုဖြစ်ပွားမှုသည် လူဦးရေသန်း ၁၀၀ ကျော်ရှိသည့် ဒီအာကွန်ဂိုနိုင်ငံတွင် ၁၇ ကြိမ်မြောက် မှတ်တမ်းတင်ရသည့် အီဘိုလာကူး စက်မှုဖြစ်သည်။

ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုများကို ပိုမိုခက်ခဲစေသည့်အချက်မှာ ရောဂါဗဟိုချက်ဖြစ်သော အရှေ့ပိုင်းဒေသသည် ဓာတ်သတ္တုကြွယ်ဝပြီး လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး၏ အကြမ်းဖက်မှုဒဏ်ကို နှစ်ပေါင်း ၃၀ ကျော်ကြာ ခံစားနေရခြင်းကြောင့်ဖြစ်သည်။

နောက်ဆုံးဖြစ်ပွားခဲ့သော အကြမ်းဖက်မှုလှိုင်းတွင် ရဝမ်ဒါနိုင်ငံက ကျောထောက်နောက်ခံပေးထားသည့် M23 လက်နက်ကိုင်အဖွဲ့သည် ၂၀၂၁ ခုနှစ်ကတည်းက နယ်မြေအမြောက်အမြားကို သိမ်းပိုက်ခဲ့ပြီးပြီးခဲ့သည့် တစ်နှစ်ခွဲအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

တက်ဒရိုက တိုက်ပွဲများရပ်တန့်ရန် ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အစည်းများကို တိုက်တွန်းခဲ့သည်။

“ပဋိပက္ခနဲ့ နေရပ်စွန့်ခွာရမှုတွေက အရာရာကို ပိုမိုခက်ခဲစေပါတယ်။ ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုကြောင့် အပြစ်မဲ့ပြည်သူတွေကို သေဆုံးခြင်းဆီတွန်းပို့ရလောက်အောင် မည်သည့်အကြောင်းပြချက်၊ ပဋိပက္ခနဲ့ မကျေနပ်ချက်တွေကမှ တန်ဖိုးမရှိပါဘူး” ဟု တက်ဒရိုကဆိုကာ အပစ်အခတ်ရပ်စဲကြရန် တိုက်ရိုက်တောင်းဆိုခဲ့သည်။

Ref:AFP

Most Read

Most Recent